အမျိုးသားအောင်ပွဲနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မြန်မာ့ပညာရေးခရီးတို့အတွက် အရေးပါသော သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့

ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်)

ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ယနေ့မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်၊ ခရစ်သက္ကရာဇ် ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် ကျရောက်သည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး လတ်တလော ကျရောက်လျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးနှင့် ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူဖွယ်ရာ အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ကျူးပြသနိုင်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့၏ ထူးမြတ်သော ရာပြည့်အခါသမယဖြစ်ပါသည်။ ယခု ၂ဝ၂ဝ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ ယနေ့ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ရာပြည့်နှင့် မြို့မ အမျိုးသားကျောင်းရာပြည့် စသည့်ရာပြည့်အထိမ်းအမှတ်များကြောင့် အနှစ်သာရ ပြည့်ဝထူးခြားသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။

အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်ကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်း မှုနှင့် မြန်မာ့ပညာရေးခရီးတို့အတွက် အရေးပါသောသမိုင်းဝင် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် နယ်ချဲ့အစိုးရသည် ကိုလိုနီပညာရေးစနစ်ကို သွတ်သွင်းလာခဲ့ပါသည်။ ကိုလိုနီ ပညာရေးစနစ်သည် ကိုလိုနီအုပ်ချုပ်ရေးယန္တရားအတွက် လိုအပ်သည့် အောက်ခြေဝန်ထမ်းများ မွေးထုတ်ပေးပြီး ၎င်းတို့ကို အလုပ်အကျွေးပြုနိုင်ရေး အတွက်သာ အဓိကရည်ရွယ်ခဲ့သည့် ကျွန်ပညာရေးစနစ်ဖြစ်ပါသည်။

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကိုလိုနီအစိုးရက အတည်ပြု ပြဋ္ဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေသည် မြန်မာနိုင်ငံသားတို့အား ပညာသင်ယူခွင့်မရအောင် ချုပ်ချယ်ထားခြင်း၊ ဝေးလံသောဒေသများမှ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားခွင့်ကို ပိတ်ပင်ထားခြင်း၊ ငွေကြေးချမ်းသာသူများသာ ပညာသင်ကြားခွင့်ရရှိနိုင်ပြီး ငွေကြေးချို့တဲ့သူ များအဖို့ စရိတ်စကမတတ်နိုင်၍ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်း၊ ကောလိပ် ကျောင်းအာဏာပိုင်များက အရည်အချင်းမပြည့်မီသေးဟုဆိုလျှင် ဆက်လက်၍ ပညာသင်ယူခွင့် မရနိုင်ခြင်းစသည့် ကန့်သတ်ချုပ်ချယ်မှုများစွာပါဝင်သော အက်ဥပဒေဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား တက္ကသိုလ်ကျောင်းသား မျိုးချစ်လူငယ်များသည် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် (၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့)တွင် ကိုလိုနီပညာရေးစနစ်ကို ပယ်ဖျက်ပေးရန် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်ကြီးကို စတင်ဆင်နွှဲခဲ့ ကြပါသည်။ ထိုသပိတ်တိုက်ပွဲကြီးသည် မြန်မာ့ပညာရေး၊ မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့နိုင်ငံရေးတို့အတွက် အမျိုးသားရေး စိတ်ဓာတ်များ ဒီရေအလား တိုးပွား စေခဲ့ပြီး နိုင်ငံရေးအသိအမြင်များ နိုးကြားလာစေခဲ့ပါသည်။ ထို့ကြောင့် အမျိုး သားရေးစိတ်ဓာတ်များ မွေးဖွားစေခဲ့သော ထိုသပိတ်တိုက်ပွဲစတင်သည့်ရက်ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုကျင်းပခဲ့ရာ ယနေ့ဆိုလျှင် နှစ်ပေါင်းတစ်ရာပြည့်မြောက်သည့် ရာပြည့်သဘင်သို့ ရောက်ရှိခဲ့ ပြီဖြစ်ပါသည်။

ထိုသပိတ်ကြီးကြောင့် ၁၂၈၂ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် (၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့) ၌ ရန်ကုန်မြို့တွင် မြို့မအမျိုးသားကျောင်း စတင်ပေါက်ဖွားလာခဲ့ကာ တစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်းများ ဆက်လက်ပေါ်ပေါက်လာခဲ့ပြီး အမျိုးသားပညာရေးစနစ် ရုပ်လုံးပေါ်လာခဲ့ပါ သည်။ အမျိုးသားကျောင်းများမှ မျိုးချစ်စိတ်ထက်သန်သော နိုင်ငံ့ခေါင်းဆောင် ကောင်းများကို မွေးထုတ်ပေးခဲ့ပြီး မြန်မာ့လွတ်လပ်ရေးအတွက် တွန်းအား တစ်ရပ်ဖြစ်စေခဲ့ပါသည်။ ရေနံချောင်းအမျိုးသားကျောင်းထွက် အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဝါးခယ်မအမျိုးသား ကျောင်းထွက် ဝန်ကြီးချုပ်ဦးနု၊ ပန်းတနော် အမျိုးသားကျောင်းနှင့် မြို့မအမျိုး သားကျောင်းထွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်တို့သည် အမျိုးသားကျောင်းများ၏ အောင်မြင်မှု စံနမူနာပြပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

ဤကဲ့သို့ အမြော်အမြင်ပြည့်ဝပြီး စွမ်းရည်ထက်မြက်သည့် လူငယ်များကို ပညာရေးက မွေးထုတ်ပေးနိုင်သည်ဖြစ်ရာ ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာသင်ယူခွင့်ရရှိရေးသည် နိုင်ငံတော်အတွက် အရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတွင် အမြော်အမြင်ပြည့်ဝပြီး အတွေးအခေါ် ရင့်ကျက်မှန်ကန် သည့်လူငယ်များ ပေါ်ထွက်လာရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။

နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့စဉ် လူမှုဘဝတွင် အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပိုမို လေ့လာသင်ယူခွင့်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ အရည် အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာစေရေးတို့သည် လည်း အရေးပါသော လုပ်ငန်းများဖြစ်သဖြင့် အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။ ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်ရာ တောင်ပေါ်မြေပြန့်မကျန် ပညာရေးရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ အထူးသဖြင့် ပြည်ထောင်စု ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တိုင်းရင်းသားတို့၏ ဒေသများ တွင် ပညာရေး၌ ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ ထို့အပြင် ပညာရေးပိုမိုမြင့်မားတိုးတက်လာအောင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ၊ ပညာရေးဆိုင်ရာ အခြေခံ အဆောက်အဦများ၊ နည်းပညာများ စသည်အားဖြင့် ဘက်ပေါင်းစုံမှ တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်တည်ဆောက်ရေး အတွက် မဖြစ်မနေလိုအပ်သော ကောင်းမွန်သည့် လူသားအရင်းအမြစ်များ၊ လူ့အဖွဲ့အစည်းများ စဉ်ဆက်မပြတ်ဖြစ်ထွန်းနေအောင် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ယုံကြည်ပါသည်။ သဘာဝသယံဇာတအရင်းအမြစ်များဆိုသည်မှာ လူသားတို့ထုတ်ယူသုံးစွဲမှုကြောင့် တစ်ချိန်ချိန်တွင် လျော့နည်း၊ ကုန်ခန်းသွား မည်ဖြစ်ပါသည်။ လူသားအရင်းအမြစ်များမှာမူ အစဉ်တိုးပွားလျက်ရှိပြီး ယင်းလူသားအရင်းအမြစ်များ၏ စွမ်းအားများဖြင့်ပင် နိုင်ငံတော်တည်ဆောက် ရေး ယန္တရားများအား လည်ပတ်စေရမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေ ဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ အမြော်အမြင်၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာရေးအတွက် ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးစေရန် ကြိုးပမ်းနေခြင်းလည်းဖြစ်ပါသည်။

ထို့အပြင် နိုင်ငံတော်တည်ဆောက်ရာတွင် အရေးအကြီးဆုံးဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ အနေဖြင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေးများကို စတုတ္ထအကြိမ်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် အရေးကြီးသော သဘောတူညီချက်များရရှိခဲ့ကာ ၂၀၂၀ အလွန် ဆက်လက်အကောင်အထည်ဖော်မည့် ရှေ့လုပ်ငန်းစဉ်များကိုလည်း သဘော တူချမှတ်နိုင်ခဲ့ပါသည်။

ထို့ကြောင့် “ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်စို့” ဆိုသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးတို့ အတွက် ဘက်ပေါင်းစုံမှ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ ရရှိပြီးသောအောင်မြင်မှုရလဒ်များကို အမိအရဆုပ်ကိုင်ပြီး ရှေ့ဆက် ရမည့်ဒီမိုကရေစီခရီးတွင် ကြုံတွေ့ရမည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး စုစည်းညီညွတ်သော စွမ်းအားဖြင့် အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် အတူတကွ တွဲလက်ညီစွာဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းရင်း ၂ဝ၂ဝ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့၏ အမျိုးသားရေး ဦးတည်ချက်(၅)ရပ် ဖြစ်သော–

(၁) ကျောင်းနေအရွယ် လူငယ်အားလုံး အခြေခံပညာသင်ယူခွင့်ရရှိရေး၊

(၂) လူမှုစီးပွားရေးအတွက် လက်တွေ့ကျ အကျိုးပြုသည့် ဘာသာရပ် များ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းရရှိရေး၊

(၃) ပြည်ထောင်စုကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်း သားဒေသများ၌ ပညာရေးတွင် ပိုမိုပံ့ပိုးရင်းနှီးမြှုပ်နှံရေး၊

(၄) ပညာရေးဖွံ့ဖြိုးမှုအတွက် နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းရေး၊

(၅) တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး။

တို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် သွားကြပါရန် ဤရာပြည့်အမျိုးသားအောင်ပွဲနေ့ နေ့ထူးနေ့မြတ်အခါသမယ၌ အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။