အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၌ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ပဒေသာကပွဲများဖြင့် ဖျော်ဖြေတင်ဆက်

နေပြည်တော် ၂၀ ဇန်နဝါရီ 

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန  အနုပညာဦးစီးဌာန အနုပညာရှင်များက တင်ဆက်သည့် ပဒေသာ ကပွဲများကို ယနေ့ နံနက် ၁၀ နာရီမှစ၍ ဖျော်ဖြေတင်ဆက်ကြသည်။

 

ပဒေသာကပွဲ နံနက်ပိုင်းတွင် အနုပညာရှင်များက ကောင်းချီးသိင်္ခါနန်းတွင်း  ယိမ်းအက၊ ကြံတိုင်းအောင်ပါစေယိမ်းအက၊ ကမျိုးကိုးလီ နဝရတ်စီယိမ်းအက၊ မကိုဋ် လေးကောက် ယိမ်းအက၊ ကချင်တိုင်းရင်းသားရိုးရာအက၊ ကယားတိုင်းရင်းသား ရိုးရာအက၊  ရုပ်သေး(ဟိမဝန္တာခန်း)(မြင်း၊ မျောက်၊ ဘီလူး၊ ဇော်၊ ဆင်) အက၊ ပန်းချီယိမ်းအက၊ ခြေကအလှ မြူးကြွကြွယိမ်းအက၊ ပုဂံယိမ်းအက၊ မွန်ဟင်္သာယိမ်း အကတို့အပြင်  တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

 

အလားတူ မွန်းလွဲပိုင်းတွင် ချင်းတိုင်းသားရိုးရာ ဝါးညှပ်အက၊ ရုပ်သေးအစီအစဉ် (သူငယ်တော်၊  ဦးရွှေရိုး +ဒေါ်မိုး၊ ရုပ်သေးနှစ်ပါးသွား)အက၊ ခေတ်ဗြောစုံတွဲယိမ်းအက၊ ပြည်ထောင်စုအင်အား ယိမ်းအက၊ ခုနစ်ထွေအက၊  ကရင်တိုင်းရင်းသားရိုးရာဒုံးအက၊ တူနှစ်သွယ်နှစ်ပါးသွား အက၊  ရခိုင်တိုင်းရင်းသား အက၊ ရှမ်းလက်ဖက်ခူး ယိမ်းအက တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

ထို့အပြင် အငြိမ့်အစီအစဉ်အဖြစ် ရှေ့ထွက်မင်းသမီး ခိုင်ဇာဖြိုး၊ ခေါင်းဆောင် မင်းသမီး စန်းနီလာဝင်းတို့နှင့်အတူ  လူရွှင်တော် ကုလားမ၊ ငွေတိုး၊ စာကလေး၊ လမုန့်တို့က တေးသံသာများဖြင့် သီဆို ကပြဖျော်ဖြေခဲ့ကြသည်။ 

 

ယခုပဒေသာအကဖျော်ဖြေတင်ဆက်မှုများကို အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)၌် လစဉ် သီဆိုကပြ ဖျော်ဖြေတင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

 

အကပဒေသာ ဖျော်ဖြေတင်ဆက်မှုများကို အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး လာ ရောက်ကြည့်ရှုကြသူများအား သွားလာရေးအဆင်ပြေစေရန် နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သို့ မော်တော်ယာဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ 

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် နေပြည်တော်သို့ ဝင်ရောက်လေ့လာလိုကြ သည့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပရဟိတကျောင်းများမှ လူငယ်များ နှင့် ကလေးငယ်များအား ပုံမှန်ဝင်ကြေး လူကြီး ၁၀ဝ၀ ကျပ်နှင့် ကလေး ၅၀ဝ ကျပ် သတ်မှတ်ထားသော်လည်း ယနေ့တွင် ၅၀ ရာခိုင်နှုန်း လျှော့ချပေးထားကြောင်း သိရ သည်။

 

ယင်းဖျော်ဖြေပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ရေဆင်းသစ်တောတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ  ခရီးသွား ပြည်သူများ အားပေးကြည့်ရှုကြသည်။

 

(သတင်းစဉ်)