အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၌ MRTV မှ ဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရတေးသံရှင်များ ဧပြီလ ၈ ရက်နေ့တွင် ဖျော်ဖြေတင်ဆက်မည်

နေပြည်တော် ၅ ဧပြီ

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)၌  ဧပြီလ ၈ ရက်တွင် ကျင်းပမည့် ဖျော်ဖြေပွဲ၌  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးဂီတ ပွဲတော်တွင် ဆုရတေးသံရှင်များက  ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း အမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှ အထွေထွေမန်နေဂျာ ဦးစိုးနိုင်က ပြောကြားသည်။

 

ဖျော်ဖြေပွဲကို   နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ အမျိုးသားအထိမ်း အမှတ်ဥယျာဉ် (နေပြည်တော်) ဧည့်ကြိုဆောင်၌ ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် စတိတ်စင်များ ပြင်ဆင်ခြင်းနှင် ဖျော်ဖြေပွဲအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း ၄င်းကပြောသည်။

 

 “ဖျော်ဖြေပွဲအစီအစဉ်တွေကို ကြော်ငြာဆိုင်းဘုတ်တွေထောင်ပြီး ပြည်သူတွေ သိရှိနိုင်အောင် ဆောင်ရွက် ထားပါတယ်။ ဥယျာဉ်ထဲမှာတော့ ရေကူးဖို့နဲ့ လှည့်လည် အပန်းဖြေနိုင်ဖို့ အဆင့်မြှင်တင် ဆောင်ရွက် ထားပါတယ်” ဟု ၄င်းကဆိုသည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)အား ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုစိတ်ဝင်စားမှု ရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှု ပဒေသာကပွဲကဲ့သို့ အစီအစဉ်များ ကျင်းပနိုင်သည် အထိ ဆောင်ရွက်သွားရန် အထက်အကြီးအကဲများ၏  လမ်းညွှန်ချက်အရ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက   ဇန်နဝါရီ ၂၀ ရက်တွင် အဆိုပါဥယျာဉ်၌ တိုင်းရင်းသား ရိုးရာအကများ၊ တေးသံသာများ၊ အငြိမ့်များဖြင့် ပြည်သူများအား အခမဲ့ဖျော်ဖြေ တင်ဆက်ခဲ့သည်။

 

“ဇန်နဝါရီလမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက ဦးဆောင်ပြီး ဖျော်ဖြေပွဲတွေ စတင်ပြုလုပ်ပေးခဲ့တဲ့အတွက် ဥယျာဉ်ကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ တော်တော်များများ သိသွားတဲ့အတွက် ဝင်ရောက် လေ့လာမှှုု များပြားလာခဲ့ပါတယ်ဟု” ဦးစိုးနိုင်ကပြောသည်။

 

ထို့ပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)၏ (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပခဲ့ရာ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများနှင့်အတူ (၇၁) နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေကြသည့်  ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ   ရိုးရာယဉ်ကျေးမှုအက အဖွဲ့များမှ တိုင်းရင်းသားများက ရိုးရာအကအလှ တေးသံသာ များဖြင့် ပြည်သူများအား အခမဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

 “ဒုတိယအကြိမ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲမှာလည်း တိုင်းရင်းသား    ၆၀ဝ နီးပါး လာရောက် ဖျော်ဖြေ ခဲ့ပါတယ်။ ဒီလိုဖျော်ဖြေပေးခဲ့တဲ့အတွက် ဖေဖော်ဝါရီ တစ်လအတွင်း လူဦးရေ ၂၀ဝ၀ဝ ကျော်လောက် ဥယျာဉ်အတွင်းကို ဝင်ရောက်လေ့ လာခဲ့ကြပါတယ်” ဟု ၄င်းကဆက်လက်ပြောကြားသည်။

 

ထိုသို့ ဖျော်ဖြေရေးအစီအစဉ်များကြောင့် ပရိသတ်များ လေ့လာအပန်းဖြေရန် ပိုမိုစိတ်ဝင်စားလာပြီး ဥယျာဉ်အတွက် တစ်လထက်တစ်လ ပိုမို စည်ကားလာနိုင်စေရန်အတွက်  လစဉ် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်လျက်ရှိရာ မတ်လအတွင်း ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး လက်အောက်ခံ မြဝတီဖျော်ဖြေရေးအဖွဲ့များက ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဆက်လက် ၍ မေလတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ဖျော်ဖြေတင်ဆက် သွားမည် ဖြစ်ကြောင်း သိရသည်။

 

 “မတ်လမှာ မြဝတီအဖွဲ့တွေလာပြီး ဖျော်ဖြေ ပေးခဲ့တဲ့အတွက် လူဦးရေ ၃၀ဝ၀ဝ ကျော်အထိ တိုးတက်ဝင်ရောက် လာခဲ့ပါတယ်”ဟု ဦးစိုးနိုင်ကပြောသည်။

 

ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူပရိသတ်များ သွားလာရေးအဆင်ပြေစေရန်အတွက် နေပြည်တော် ကောင်စီမှ မော်တော်ယာဉ်များ စီစဉ်ပေးထားမည်ဖြစ်ပြီး မြို့မဈေးမှ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) သို့အခမဲ့ ပို့/ ကြို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အောင်ရဲသွင်