အမျိုးသားစီမံကိန်းရေးဆွဲခြင်း

၁၆   ဇူလိုင်

 

အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး (၂/၂၀၁၈)ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဤအစည်းအဝေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်းအတည်ပြုချက်ရယူရန် ကျင်းပခဲ့သော အစည်းအဝေးဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စ၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကာလကို အောက်တိုဘာလ ၁ ရက်မှစ၍ စက်တင်ဘာလ ၃၀ ရက်အထိ သတ်မှတ်ပြောင်းလဲ ကျင့်သုံးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ ကာလကို ဘဏ္ဍာရေးနှစ် ပြောင်းလဲကာလအဖြစ် သတ်မှတ်ပြီး (၆) လ အမျိုးသားစီမံကိန်း ဥပဒေအဖြစ် ပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ရေးဆွဲရာ၌ ကဏ္ဍအလိုက် တိုးတက်မှု တာဝန်ခံ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ရည်မှန်းချက်များအပါအဝင် ဒေသဖွံ့ဖြိုးမှုတာဝန်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ရည်မှန်းချက်များကို နိုင်ငံတော်က ချမှတ်ထားသည် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများနှင့် ပေါင်းစပ်ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားစီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်ဆိုင်ရာ အမျိုးသားစီမံကိန်း၌ နိုင်ငံ၏ GDP ကိ်ု ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားသည်ကို တင်ပြခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဤကဲ့သို့မျှော်မှန်းရခြင်း၏ အကြောင်းရင်းများအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခြင်း၊ နှစ်လတ်ချေးငွေထုတ်ချေးခြင်း နှင့် ပုဂ္ဂလိကအသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ ဖြိုးတိုးတက် နိုင်ခြေရှိခြင်းတို့ကို တင်ပြခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လယ်ယာကဏ္ဍ၌ နိုင်ငံပိုင်အခန်းကဏ္ဍအပြင် ပုဂ္ဂလိက ကဏ္ဍမှလည်း အရင်းအနှီးနှင့် နည်းပညာများ စီးဝင်လာစေရန် စီမံ ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ လမ်းကွန်ရက်များ တိုးတက်ကောင်းမွန်လာခြင်းအပါအဝင် ဘဏ္ဍာငွေကြေးဝန်ဆောင်မှုများ ခေတ်မီတိုးတက်လာခြင်းနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာခြင်းတို့ကိုပါ တင်ပြခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ စီးပွားရေးတိုးတက်နှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်ကိုလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တင်ပြခဲ့ပါသည်။

 

အဆိုပါ အမျိုးသားစီမံကိန်း ကော်မရှင်အစည်းအဝေး (၂/၂၀၁၈)၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ မဟာဗျူဟာမြောက် ခြေလှမ်းတစ်လှမ်းအဖြစ် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီဖွံ့ ဖြိုးတိုးတက်စေမည့် စီမံကိန်းတစ်ရပ် ထုတ်ပြန်တော့မည်ကို တင်ပြပြောဆိုခဲ့ပါသည်။ ဤစီမံကိန်း၏ အဓိက မဏ္ဍိုင်သုံးရပ်အနက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးက အခြေခံပင်မမဏ္ဍိုင်အဖြစ် ပါဝင်နေသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းပြည်အတွက် အကောင်အထည်ဖော်ရမည့် စီမံကိန်းများ ရွေးချယ်ရာ၌ ဘတ်ဂျက်ကန့်သတ်ချက်ကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သော်လည်း အမှန်တကယ် လုပ်သင့်လုပ်ထိုက်သည်ကိုရွေးရန် ပို၍အရေးကြီးသည်ကို ညွှန်ပြခဲ့ပါသည်။ အမျိုးသားစီမံကိန်းတို့ဟူသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် (သို့မဟုတ်) ဝန်ကြီးဌာန တစ်ခုတည်းထက် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအတွက် ခြုံငုံရေးဆွဲရမည် ဆိုသည်ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အခြေခံချဉ်းကပ်ပုံအဖြစ် ထောက်ပြခဲ့ပါသည်။ ဤအစည်းအဝေးတွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ၏ နိဂုံးချုပ်မိန့်ခွန်း၌ ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေး ဖြစ်ပေါ်တိုးတက်မှုတို့အပေါ် စဉ်ဆက်မပြတ်လေ့လာသုံးသပ်၍ မိမိနိုင်ငံအတွက် ထိရောက်အကျိုးရှိမည့် အစီအမံတို့ကို အချိန်နှင့်တစ်ပြေးညီ ချမှတ်ဆောင်ရွက်ရမည်ဟု လမ်းညွှန်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ညွှန်ပြမှုတို့သည် အမျိုးသားစီမံကိန်းရေးဆွဲရာ၌ ဆုပ်ကိုင်ခံယူရမည့် လုပ်ငန်းလမ်းညွှန်မှုတို့ ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း