အမျိုးသားလွှတ်တော်တွင် တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် ၃ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ  မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကြမ်းနှင့် စပ် လျဉ်း၍ လွွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက မြန်မာ့တိုင်းရင်းဆေးပညာ၏ အဆင့်အတန်း၊ စံသတ်မှတ်ထိန်းသိမ်းရန်နှင့် ပြည်သူများ စနစ်တကျယုံကြည် လက်ခံကျင့်သုံးစေရန်မှာ တိုင်းရင်းဆေးဆရာများ၏ ပညာအဆင့်အတန်း သတ်မှတ်ခြင်းအပေါ်တွင် များစွာမူတည်နေပါကြောင်း၊ ၁၉၆၂ခုနှစ် ကတည်းက နိုင်ငံတဝန်း တိုင်းရင်းဆေးဆရာများကို စနစ်တကျသင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ရာ ၇၅၀ဝခန့် ရှိပြီဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းဆေးဆရာ မှတ်ပုံတင် စတင်ပြုလုပ်စဉ်အချိန်က ရိုးရာတိုင်းရင်းဆေးဆရာ များကိုလည်း စီစစ်ကာ မှတ်ပုံတင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 ယခု ၂၁ရာစု ဒုတိယ ၁၀စုနှစ် အရောက်တွင် တိုင်းရင်းဆေး တက္ကသိုလ်အဆင့်အထိ သင်ကြားရေးဌာနများက တိုင်းရင်းဆေးပညာရှင်  ဆေးဆရာများ မွေးထုတ် ပေးနေသော်လည်း ဥပဒေကြမ်း ပုဒ်မ ၁၅ (စ)အရဘွဲ့၊ ဒီပလို မာမရှိဘဲ တိုင်းရင်းဆေးပညာဖြင့် အသက်မွေးလျက်ရှိသူများကို ကောင်စီက သတ်မှတ်သည့် အရည်အချင်းအရ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ထည့်သွင်းထားခြင်းသည် မဖြစ်သင့်ပါကြောင်း၊ နိုင်ငံတကာပညာရှင်ဆိုင်ရာ ကောင်စီများက ကျင့်သုံးနေသည့် ပညာရှင်အဖြစ် သတ်မှတ်ထားသည့် စံ၊ စနစ်တို့ဖြင့် မကိုက်ညီပါကြောင်း၊ မြန်မာတိုင်းရင်းဆေးပညာရပ်နှင့် ပညာရှင်တို့၏ အဆင့်အတန်းကို နိမ့်ပါးလျော့ကျစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းရင်းဆေးကောင်စီဥပဒေကြမ်းအား ပုဒ်မ ၁၅(စ)နှင့် ၃၁ (ဂ)တို့ကို ပယ်ဖျက်ပေးပါရန် ဆွေးနွေးအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး က ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

MDN