အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(SDC)၊ ဥရောပသမဂ္ဂ(EU)တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုမှတ်တမ်း(RoD)၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၈ ဇူလိုင်

 

အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဆွစ်ဇာလန် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC)၊ ဥရောပသမဂ္ဂ (EU) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုမှတ်တမ်း (RoD)၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းပြီး မြေအသုံးချမှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် နှစ် ကျော်ခဲ့ပြီ ဖြစ်ပါကြောင်း။

 

အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရ ကောင်စီ၏ ပုံမှန်အစည်းအဝေးများကို ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ရက်မှ ရက်အထိ MICC-2 နေပြည်တော်တွင် ကျင်းပခဲ့ပြီး အမျိုးသားမြေအသုံးချမှု ကောင်စီအနေဖြင့် ဖိုရမ်၏ ရလဒ်များနှင့်အညီ ကောင်စီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် EU SDC တို့အကြား သဘောတူညီမှု မှတ်တမ်း(RoD)ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး RoD ပါ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ် (၇) ခု ရှိပါကြောင်း။

 

အမျိုးသားမြေအသုံးချမှုကောင်စီ၏ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် အဖွဲ့များအနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် သဘောတူညီမှုမှတ်တမ်း(RoD)ပါ လုပ်ငန်းများကို အစဉ်အမြဲသုံးသပ်ပြီး အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ/ အဖွဲ့များအနေနှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီ၏ အထောက်အကူပြု လုပ်ငန်းကော်မတီ/ အဖွဲ့အတွင်းရေးမှူးများနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ဥရောပသမဂ္ဂ (EU) မှ Head of Cooperation Dr.Johann Hesse ၊ ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC) မှ Deputy Head of Mission Mr.Giacomo Solari ၊ FAO နှင့် မိတ်ဖက်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြေယာမဏ္ဍိုင်အဖွဲ့ (Land Core Group)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်