အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၁၈ ဒီဇင်ဘာ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ  ၁၈  ရက် နံနက် နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ၂၁ ရာစု ကမ္ဘာကြီးတွင် အလိုအလျာက် နည်းပညာ၊ Artificial Intelligence  Robotics Cloud Computing Big Data Internet of Things စသည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်သည့်အတွက် လုပ်သား စျေးကွက် ပြောင်းလဲပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်းရရန် ပြိုင်ဆိုင်မှုပြင်းထန်ပါကြောင်း၊ ပြိုင်ဆိုင်မှုပြင်းထန်သည့်အတွက် ရိုးရိုးကျွမ်းကျင်မှုနဲ့မရတော့ဘဲ အဆင့်မြင့်ကျွမ်းကျင်မှုများက အရေး ပါလာပါကြောင်း၊ ကမ္ဘာကြီးတွင်လည်း ရာသီဥတုပြောင်းလဲလာပြီး သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းမှု အတွက် အရေးကြီးလာပါကြောင်း၊ အလုပ်အကိုင်နဲ့ လိုက်လျောညီထွေဖြစ် သည့် ကျွမ်းကျင် မှုများကို ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစု Digital Age တွင် အနာဂတ် အလုပ်အကိုင်ကောင်းရရန်အတွက် ကျောင်းသားလူငယ်များကို ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကိုစာနာပေး နိုင်မှု (EQ) စသည့် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် များ ရရှိအောင် စုပေါင်းအားနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများကသာ ကျောင်းသားများကို သင်ကြားခြင်း၊ ကျောင်းသား များက သင်ကြားပို့ချသည်ကို အလွတ်ကျက်မှတ်ခြင်း၊ ဆရာများက သင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်း တို့သည် ရှေးထုံးစဉ်လာ ပညာရေးဖြစ်ပါကြောင်း၊

ကိုဗစ်မဖြစ်ခင်အထိ New Normal Education System တွင် New Normal သည် Eco normal  အစိတ်အပိုင်းတစ်ခုဖြစ်လာပါကြောင်း၊ သက်ဆိုင်သူများအားလုံးက ပူးပေါင်းပါဝင်ပြီး မိမိတို့ ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအားလုံးအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူပြီး ဆုံးဖြတ်အကောင်အထည်ဖော်ရန်၊ ကျောင်းသားများကလည်း ဆန္ဒပြင်းပြစွာ တည်တည် ငြိမ်ငြိမ် နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားပြီး သင်ယူကြရန် အရေးကြီးပါကြောင်း၊ သင်ယူရာ တွင် ကျန်းမာလုံခြုံသော သင်ယူမှုဝန်းကျင်ကောင်း ဖြစ်ရန်လိုပါကြောင်း၊ ကျောင်းသားများ၏ အနာဂတ် သုခချမ်းသာတို့ကို တန်ဖိုးထားသလို ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကိုလည်း  တန်ဖိုး ထားရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ၏ မတူညီသော နောက်ခံအခြေအနေ၊ သင်ယူမှုနယ်ပယ် မတူကွဲပြားခြားနားမှုများကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ ယခု ကိုဗစ်ဖြစ်လာသည့်အခါ Technology ကို အသုံးပြုပြီး သင်ယူမှုနယ်ပယ်ကို ဖန်တီးပေးရမည်ဖြစ်သကဲ့သို့ စာသင်ခန်းတွင်း သင်ကြား သင်ယူခြင်းသည် ကျောင်းသား ကျောင်းသူ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို အမြင့်ဆုံး ရရှိနိုင်ရန် ယနေ့အချိန်ထိ အစားထိုးလို့ မရနိုင်သေးပါကြောင်း၊  သို့ဖြစ်၍ High-Tech Learning နှင့် High-Touch Learning နှစ်ခုတို့ကို ပေါင်းစပ်အသုံးပြုသည့် Blended Learning ကလည်း အရေးကြီး လာပါကြောင်း၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များအတွက် ပေါင်းစပ်သင်ယူမှုကလည်း တစ်သမတ် တည်း မဟုတ်သလို မတူညီသော အကဲဖြတ်ခြင်းနည်းလမ်းအမျိုးမျိုးကို အသုံးပြုရန်လည်း အရေးပါ လာပါကြောင်း၊ အရည်အသွေး အာမခံမှုနှင့် တာဝန်ယူမှုရှိစေရေးအတွက် သုံးသပ်အကဲဖြတ်ခြင်းများ အရေးကြီးသလို အရည်အသွေးရှိသည့် ပညာရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်းသားပြည်သူတွေအားလုံး၏ အကြုံပြုဝေဖန်ချက်ပေးမှုကို အားပေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသည်ပင်  Traditional Education System နှင့်  New Normal Education System ကွာခြားချက်များဖြစ်ပါကြောင်း၊

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ပြည်သူကို ကတိပြုထားသည့် ဦးစားပေး လုပ်ငန်း ၁၂ ရပ်ဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံပညာမူဝါဒ အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မှမကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေး တို့ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများတွင် အဆင်းရဲဆုံးသူများသည် ကျောင်းလုံးဝ မနေသူများဖြစ်ကြောင်း၊ ဒုတိယအဆင်းရဲဆုံးသူများသည် မူလတန်းနှင့် ကျောင်းထွက်ခဲ့သူများ ဖြစ် ကြောင်း၊ တတိယအဆင်းရဲဆုံးသူများသည် အလယ်တန်းနှင့် ကျောင်းထွက် ခဲ့သူများ ဖြစ်ပါကြောင်း ဖော်ပြ ထားပါကြောင်း၊ ထို့ကြောင့် ဆင်းရဲမှုက လွတ်မြောက်ရန်အတွက် ကျောင်းသား ကျောင်းသူတိုင်း လူတိုင်းသည် အခြေခံပညာအထက်တန်းပြီးမြောက်ရန် လိုပါကြောင်း၊ ကျွမ်းကျင်မှုရအောင် အသက်မွေး ဝမ်းကျောင်းသင်တန်းများလိုပါကြောင်း၊ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများနှင့် တက္ကသိုလ်ပညာ များကို ဆက်လက်သင်ယူပြီး စဉ်ဆက်မပြတ် အတတ်ပညာစွမ်းရည် တိုးတက်ရေး  အခွင့်အရေးများရရန် အရေးကြီးပါကြောင်း။

ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းရလဒ်အနေဖြင့် ကျောင်းသားကျောင်းသူများအား လူသားကောင်းများ ဖြစ်လာရေး၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်လာရေး၊ တာဝန်ယူ တာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်သူများဖြစ်လာရေး၊ အကောင်းဆုံးလုပ် ဆောင်တတ်သည့် ဆန်းသစ်တီထွင်ဖန်တီး သူများဖြစ်လာမှသာ အလုပ်ကိုင်ကောင်းကောင်း လုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ကူညီတတ် သည့် လူသားကောင်းများဖြစ်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်တတ်ရန် အရေးကြီးပါ ကြောင်း၊ ထိုမျှော်မှန်းရလဒ်များ ဖြည့်ဆည်းပေးနိုင်မည့် အရည်အသွေးရှိသော ပညာရေးကို ဦးတည် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို အလေးအနက်ထားတင်ပြလိုပါကြောင်း၊

အဓိကအနေဖြင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ တွင် သင်ယူမှုအခွင့်အလမ်းရရှိရေးအတွက် ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော ကြောင့် တိုင်းရင်းသားဒေသများကို ဦးစားပေး၍ သင်ယူမှုအခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးနေပါ ကြောင်း၊ သင်ရိုးညွှန်းတမ်းများ မြှင့်တင်၍ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့် ပညာ တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ မြှင့်တင်၍ ဆောင်ရွက်နေပါကြောင်း။

ဆရာ ဆရာမများအား သင်ကြားသင်ယူမှုနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများ အသုံးပြုနည်း သင်တန်းများ ပေးခဲ့ပါကြောင်း၊ နည်းပညာများ၊ ကွန်ပျူတာများကို အခြေခံအထက်တန်း ကျောင်းများတွင် ဖြည့်ဆည်းပေးနေပါကြောင်း၊ လိုအပ်နေသည့် စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ သောက်ရေ သုံးရေများ၊ သန့်စင်ခန်းများနှင့် အားကစားကွင်းများ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ မိဘများ အကြံဉာဏ်များနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပူးပေါင်း၍ တိုင်းရင်းသားဒေသများကို ဦးစားပေးလျက် လိုအပ်ချက်ရှိသောနေရာများတွင် ဆက်လက် ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အရည်အသွေးရှိသော  ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆရာ ဆရာမများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ သတ်မှတ်အရည်အချင်းကိုက်ညီသူများကို ရာထူးတိုးပြောင်း အခွင့်အလမ်း မူဝါဒများ သတ်မှတ်ချက်များနှင့်အညီ ရာထူးတိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးနေ ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးတွင် ဆရာ ဆရာမ၏ အရည်အချင်းက အဓိကဖြစ်သည့် အတွက် နှစ်သင် ပညာရေးကောလိပ်များကို နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့် တင်ပေးခဲ့ပါကြောင်း၊ သုတေသနလုပ်ငန်းသည် တက္ကသိုလ်၏ အသက်ဖြစ်ပါကြောင်း၊ သုတေသန ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် စာတမ်းရေးသားခြင်းစသော သုတေ သနစွမ်းဆောင်ရည်မြှင့်တင်မှုများကိုလည်း အားပေးလျက်ရှိပါကြောင်း။

ယခုအခါ အခြေခံပညာအထက်တန်းကျောင်းများ၊ နည်းပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များတွင် WIFI Website များ ဆောင်ရွက်ပေးနေပါကြောင်း၊  စာကြည့်တိုက်များတွင်လည်း e-library Facility များ ဖန်တီးပေးရန်လိုပါကြောင်း။

သင်ယူမှုဝန်းကျင်သည် လုံခြုံရန်၊ ဘေးကင်းရန်နှင့် ကျန်းမာရန်လိုအပ်ပါကြောင်း၊ အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရန်အတွက် အရေးကြီးပါကြောင်း၊ နည်းပညာသင်ကြားရေးနှင့် လေ့ကျင့် ရေးများတွင်လည်း ပုံမှန်သင်တန်းများအပြင် ဒေသအကျိုးပြု ကာလတိုသက်မွေးသင်တန်းများကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ Myanmar Digital Education Platform (MDEP) တွင် Learning Management System များဖြင့် အခြေခံပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေးများတွင်  အခမဲ့သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

South-East Asia  Primary Learning Matrix (SEA PLM) ကို အာဆီယံ ()နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ယူနီဆက်၊ ဆီမီယိုနှင့် ဩစတြေးလျတို့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံးဆောင်ရွက်သော နိုင်ငံဖြစ်ပါကြောင်း၊ SEA-PLM အစီရင်ခံစာအရ မြန်မာနိုင်ငံ Grade 5 ကျောင်းသား ကျောင်းသူများသည် တခြားသော နိုင်ငံထက် စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာတွင် ပျမ်းမျှထက် သာလွန်နေသည်ကို တွေ့ရပါကြောင်း၊ အရေးအဖတ်၊ သင်္ချာ၊ Global Citizenship စွမ်းရည် တွေ အားကောင်းသည်ကိုတွေ့ရသဖြင့် ဝမ်းသာပါကြောင်း၊ ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင်ပါ ကြောင်း၊  အားနည်းချက်အနေဖြင့် ကလေးများ၏ Positive Attitude အမြင်များ မြှင့်တင်ပေးရန် လိုအပ်နေသေးပါကြောင်း၊ ကျောင်းသားမိဘများ၊ မိဘဆရာ အသင်း၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ရင်သွေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်လာရေး ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်းကို အစီရင်ခံစာတွင် ဖော်ပြထားပါကြောင်း၊ မိဘများ၏ပူးပေါင်း ပါဝင်မှု စုပေါင်းအင်အားဖြင့် အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကြိုးပမ်းအကောင်အထည်ဖော်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း  (၂၀၂၁-၂၀၃၀) ရေးဆွဲရေး နှင့် စပ်လျဉ်း၍လည်းကောင်း၊ သိရှိလိုသည်များကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြကြောင်း သိရသည်။

သတင်းစဉ်