အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ လုပ်ငန်းများဆောင်ရွက်ခဲ့မှု အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင် 

နေပြည်တော် ၁၉  သြဂုတ် 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ လုပ်ငန်းများဆောင်ရွက်ခဲ့မှု အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့၏ ရှင်းလင်းချက်များကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။


အစည်းအဝေးတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက် မှ ၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်အထိ) လုပ်ငန်းများဆောင်ရွက်ခဲ့မှု အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ကော်မရှင်အနေဖြင့် ပညာရေးအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ကဏ္ဍအလိုက်ဆောင်ရွက်နေမှုများနှင့် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကော်မရှင်သည် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဟူသော အဂတိတရားလေးပါး ကင်းရှင်းလျက်နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ကိုယ်ကျိုးမဖက်ဘဲ စေတနာအပြည့်ဖြင့် ကိုယ်စွမ်းဉာစွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ အစီရင်ခံစာအပေါ် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍ၌ ကျောင်းအဆင့်တိုးမြှင့်ခြင်းကိစ္စ၊  ကိုယ်ပိုင်းကျောင်းကိစ္စ၊ ဆရာ ဆရာမများ ခန့်ထားရေးကိစ္စ၊ KG+ 12 ပညာရေး(သင်ရိုးညွှန်းတမ်း)ကိစ္စ၊ ဆရာ ကျောင်းသား အချိုး မညီမျှမှုကိစ္စနှင့် တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စများ၊ နည်းပညာ၊ သက်မွေးပညာကဏ္ဍမှ သင်တန်းဖွင့်လှစ်မှုဆိုင်ရာကိစ္စများ၊ အဆင့်မြင့်ပညာကဏ္ဍ၌ ဆရာ ဆရာမများ၏ ရာထူးတိုး၊ ပြောင်း ရွှေ့ခြင်းကိစ္စများနှင့်စပ်လျဉ်း၍ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။


ပြည်ထောင်စုလွှတ်တော်နာယက က ကော်မရှင်၏ ၆ လတာကာလ လုပ်ငန်းများဆောင်ရွက်ခဲ့မှု အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့၏ ရှင်းလင်းချက်တို့ကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း များနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁၁/၂၀၁၉)တို့နှင့် စပ်လျဉ်း၍ ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီး က အသုံးစရိတ်များမသုံးဖြစ်၍  ပိုလျှံပြန် အပ်ငွေများ ဖြစ်ပေါ်လာမှုများ အပေါ် တာဝန်ရှိသည့် ဘတ်ဂျက်ရေးဆွဲတင်ပြသူများ၊ လုပ်ငန်း အကောင်အထည်ဖော်မှု  အားနည်းသူများကို  စိစစ်ဖော်ထုတ်ပြီး  အရေးယူသင့်က အရေးယူပေးပါရန် သို့မဟုတ် ပိုလျှံပြန်အပ်ငွေများ နည်းပါးလာစေရေးအတွက်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်းများမှ  ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း ဆွေးနွေးသည်။


မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ငွေစာရင်းအရ  ယခုတွေ့နေရသည့် သုံးစွဲနေမှုများအပေါ် မြေပြင်အနေအထားဆောင်ရွက်မှု ရှိ၊ မရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ စာရင်းစစ်အဖွဲ့အစည်းများထံ ကြပ်မတ်ညွန်ကြားပေးရန်နှင့် ပြီးခဲ့သည့်  အတိတ်က ဆောင်ရွက်ချက်များကိုအခြေခံပြီး လက်ရှိပစ္စုပ္ပန်တည့်တည့်တွင် အခြေအနေကို သုံးသပ် ၍ လာမည့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပုံဖော်ဆောင်ရွက်ကြမည်ဆိုပါက ပြည်ထောင်စုဝန်ကြီးဌာန အားလုံးသည် အမှားနည်းနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။ 


တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်(၁၂)မှ ဦးခင်မျိုးဝင်းက တရုတ်နိုင်ငံ Exim Bank ချေး ငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများသည် မူလသတ်မှတ်ထားသည့် အချိန်တွင် ပြီးစီးမှုမရှိ သဖြင့် စီမံကိန်းကာလထပ်မံတိုးမြင့်နေသည်မှာ အစဉ်အလာတစ်ရပ်ကဲ့သို့ ဖြစ်နေပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် စစ်ဆေးထိန်းကျောင်းရန်လိုအပ်ပါကြောင်း၊ နှစ်ကာလကြာမြင့်လာ သည့်အတွက် စီမံကိန်းစရိတ်များပိုမိုလာ၍ စီမံကိန်းခန့်မှန်ခြေစာရင်း ပိုမိုများပြားလာပါကြောင်း၊ ချေးငွေယူရမည့် သက်တမ်းကုန်ဆုံးသွားသည့်အတွက် တရုတ်နိုင်ငံ Exim Bank ချေးငွေထပ်မံ ထုတ်ယူ၍ မရတော့သည့်အတွက် စီမံကိန်းဆက်လက်အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေမှ မဖြစ်မနေ စိုက်ထုတ်နေရပါကြောင်း ဆွေးနွေးသည်။


ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ စီမံကိန်းနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပြည်သူတို့အတွက် အမှန်တကယ်အကျိုး သက်ရောက်မှု ရှိ၊ မရှိ စစ်ဆေးခြင်းအပိုင်းကို အစီရင်ခံစာတွင် မတွေ့ရှိရပါကြောင်း၊ ထို့ပြင်  စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ နစ်နာဆုံးရှုံး မှု၊ အလွဲသုံးစားမှု၊ ဝန်ထမ်းများအဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်းကိစ္စရပ်များ ကိုလည်း အစီရင်ခံစာတွင် ပြည့်ပြည့်စုံစုံဖော်ပြထားမှုမရှိပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့ အစည်းများ၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် ထမ်းဆောင်သည့် လုပ်ငန်းတာဝန်နှင့် လျော်ကန်မျှတ မှုရှိ၊ မရှိ စစ်ဆေးခြင်းစသည်တို့ကိုလည်း အစီရင်ခံစာတွင် မတွေ့ရှိရပါကြောင်း ဆွေးနွေးသည်။


ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ အောင်လံမဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)တို့က ဆွေးနွေးကြသည်။


ပြည်ထောင်စုလွှတ်တော်နာယကက စစ်ဆေးတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ(၁၁/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ဆက်လက်ကျင်းပမည့် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၁၂/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က အစီရင်ခံစာတွင် လျာ ထားချက်များသည်  မည်မျှကျိုးကြောင်းဆီလျော်မှုရှိသည်။ လျာထားချက်များ ပြည့်မီအောင် မည်သို့ ဆောင်ရွက်နေသည်။ အခွန်ထမ်းပြည်သူများ၏ အခွန်ဆောင်နိုင်စွမ်းနှင့် အခွန်ပေးသွင်းချင်စိတ်ကို မည်သို့မြှင့်တင်မည်။ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအနေဖြင့် မည်သည့်အရာများကို လုပ်နိုင်ခဲ့သည်။ အခွန်ဆိုင်ရာပြုပြင် ပြောင်းလဲမှုကြောင့် မည်သို့သော အကျိုးရလာဒ်များ ရပြီးဆိုသည့်အချက်များ ပါဝင်သင့်ပါကြောင်း ဆွေးနွေးသည်။


သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက အခွန်ဆိုင်ရာ အချက်အလက်များကို မှန်မှန် ကန်ကန် ပြည့် ပြည့်စုံစုံ တိတိကျကျ ကောက်ခံနိုင်ရေးကို ဆောင်ရွက်ရန်၊ ပြည်ထောင်စု၏ အခွန်အကောက်ရငွေ များကို တစ်နှစ်အတွင်း ရရှိနိုင်မည့် အခွန်ဘဏ္ဍာငွေများကို ပြည့်ပြည့်ဝ၀ ရရှိနိုင်ရေးကို ကြပ်ကြပ်    မတ်မတ်ဖြင့် ဆောင်ရွက်ရန်၊ အခွန်ရငွေနှင့် ဂျီဒီပီအ ချိုးတိုးတက်လာအောင် ဆောင်ရွက်သည့် နေရာတွင် အခွန်တိုးကောက်ခံခြင်း ကိုမဆောင်ရွက်ဘဲ အခွန်မရှောင်နိုင်အောင် ဆောင်ရွက်ရန်နှင့် အခွန်ထမ်းကြသည့် အခွန်ထမ်းများကိုယ်တိုင် အခွန်စနစ်ကို သေချာစွာနားလည် သဘောပေါက် လက်ခံပြီး အခွန်ထမ်းခြင်းကို ဂုဏ်ယူတတ်စေရန် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်သင့်ပါကြောင်း ဆွေးနွေးသည်။


ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်က လုပ်ငန်းရှင်သစ်များထံမှ အခွန်ငွေသစ်များ ရရှိနိုင်စေရန် လုပ်ငန်းရှင်သစ်များ တိုးပွားလာအောင် သက်ဆိုင်ရာများက ကူညီပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထို့ပြင် ပုန်းကွယ်နေသော လုပ်ငန်းရှင်များကို ရှာဖွေဖော်ထုတ်ပြီး အခွန်ကောက်နိုင်အောင် ကြံ ဆောင်ကြိုစားကြရန်နှင့် အခွန်တိန်းရှောင်နေသူများနှင့် အခွန်ပေးရသက်သာစေရန် မတရားသည့် နည်းလမ်းများဖြင့် ပြုလုပ်ကြံစည် အားပေးနေသူများကိုလည်း ထိန်းချုပ်ရန် နည်းလမ်းရှာဖွေကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံကြီးသားပီသချင်သူများက အခွန်ဆောင်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်၍ အခွန်ထမ်းမည့် လုပ်ငန်းရှင်များကို ကူညီပေးပြီး အခွန်ဆောင်လုပ်ငန်းရှင်များ မြန်မြန်ဆန်ဆန် ဖြစ်လာ အောင် ကူညီပံ့ပိုးသင့်ကြောင်း အကြံပြုတိုက်တွန်း ဆွေးနွေးသည်။


ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက မိမိတို့နိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် နည်းပညာ နှင့် နိုင်ငံတကာ ကျင့်စဉ်ကောင်းများကို အခြေခံ၍  အခွန်စီမံအုပ်ချုပ်ရေးကို  ခေတ်မီအောင်ဆောင် ရွက်ရန် အခွန်ထမ်းများကို ၎င်းတို့၏  တာဝန်များနှင့်ပတ်သက်၍ အသိပညာပေးရန်၊  အခွန်ထမ်းဝန် ဆောင်မှုပေးခြင်းနှင့်  အရေးယူမှု အစီအစဉ်များကို  ညီမျှအောင် ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် ဌာနစွမ်းဆောင်ရည် တိုးတတ်စေရန်  အခွန်စာရင်းများ စနစ်တကျ စစ်ဆေးပြီး  အကျင့်ပျက်ဝန်ထမ်းများအား  ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အပြစ်ပေး အရေး ယူရန်နှင့် ဝန်ထမ်းအင်အားလိုအပ်ချက်နှင့် ဘတ်ဂျက်လိုအပ်ချက်များကို  နိုင်ငံတော်အစိုးရမှ လုံလောက်အောင် ထောက်ပံ့ပေးသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းနှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆွေးနွေးကြသည်။


 ပြည်ထောင်စုလွှတ်တော် နာယကက ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ(၁၂/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ဆောင်ရွက်ရန် လျာထားကြောင်းကြေညာပြီး အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ရပ်နားလိုက်သည်။


သတင်း- မော်စီ၊ မွှေးကြူဇင်


ဓာတ်ပုံ-ထိုက်ထိုက်