အမျိုးသားပြတိုက် (နေပြည်တော်)တွင် မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ၁၅  ဇူလိုင်

 

အမျိုးသားပြတိုက်(နေပြည်တော်) တည်ဆောက်ဖွင့်လှစ်ပြသမှု(၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခင်းကျင်း ပြသသည့် မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲဖွင့်ပွဲအခမ်းအနားကို အမျိုးသာပြတိုက် (နေပြည်တော်)၌ ယနေ့ နံနက်ပိုင်းက  ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး သူရဦးအောင်ကို တက်ရောက်အမှာစကားပြောကြားသည်။

 

ပြည်ထောင်စု၀န်ကြီးက ပြတိုက်များသည် (၁၅) ရာစုခန့်တွင် ဥရောပ၌စတင်ပေါ်ပေါက်ပြီး  ရှေးဟောင်းပစ္စည်းများ၊ အလှအပပစ္စည်းများ၊ အဖိုးတန်ရတနာများကို စုဆောင်းပြသခဲ့ကြရာမှ (၁၆)ရာစုတွင် ​ကျောင်းသူကျောင်းသားများအတွက်လည်းကောင်း၊ (၁၇)ရာစုတွင် အများပြည်သူ အတွက်လည်းကောင်း ပညာပေးရေးဌာနအဖြစ် တိုးတက်လာပါကြောင်း၊ (၁၉)ရာစုတွင် လက်တွေ့ သုတေသနဌာနအဖြစ် ပိုမို တိုးတက်လာပါကြောင်း၊ မြန်မာနိုင်ငံ၌ (၁၈၅၂)ခုနှစ်တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း၊ ပြတိုက်များအနေဖြင့် ၀န်ကြီးဌာန၊ ပုဂ္ဂလိကစသဖြင့်လည်းကောင်း၊ ဘာသာရပ် အရသော်လည်းကောင်း အမျိုးအစားများစွာ တည်ထောင်ဖွင့်လှစ်ထားကြပါကြောင်း၊ သို့သော် အားလုံး၏ ဘုံဦးတည်ချက်သည် ပညာပေးရေးဖြစ်ပါ ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် သတင်းအချက် အလက်ဆက်သွယ်မှုနည်းပညာများ ပိုမိုတိုးတက်လာသည် နှင့်အမျှ နိုင်ငံအချင်းချင်းဆက်သွယ်မှု လွယ်ကူလာပြီး ယဉ်ကျေးမှုများလည်း ကူးလူး ဆက်သွယ်ပေါင်းစပ် လာပါကြောင်း။

 

ထို့ကြောင့် မိမိတို့၏ရိုးရာယဉ်ကျေးမှုကို ပျောက်ပျက်လျော့ပါး ခြင်းမရှိအောင် ထိန်းသိမ်း စောင့်ရှောက်ရန် အလွန်အရေးကြီးလာပါကြောင်း၊ ပြတိုက်သည် နိုင်ငံတစ်ခု၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆက်စပ်ပေးပြီး လူမျိုး၏ သမိုင်းအစဉ်အလာနှင့် စွမ်းဆောင်ချက်ကို ဖော်ထုတ်ပြသပေးပါကြောင်း၊ အမျိုးသားရေးအတွက် အရေးပါသည့်နေရာဌာနတစ်ခုဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အနာဂတ်၏ မျိုးဆက် သစ်လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများကို ပြတိုက်များသို့ မဖြစ်မနေလေ့လာရန် အစီအစဉ်များ ရေးဆွဲပြီး ၄င်းတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့သမိုင်း၊ နိုင်ငံချစ်စိတ်များ ဖြစ်ထွန်းလာ စေရေန်  ဆောင်ရွက် နေကြပြီဖြစ်ပါကြောင်း။

 

အမျိုးသားပြတိုက်( နေပြည်တော် )ကို ၂၀၁၅  ခုနှစ် ဇူလိုင်(၁၅)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ ရှေးဦးသမိုင်း မတင်မီခေတ်မှ မြို့ပြလူနေထိုင်မှုခေတ်အထိ      သမိုင်းကြောင်း အဆက်ဆက်နှင့်     ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာအနုသုခုမတူရိယာပစ္စည်း၊ ခေတ်အဆက်ဆက် ပန်းချီလက်ရာများ၊ အာဆီယံ နိုင်ငံများ၏ ရိုးရာ၀တ်စုံများနှင့် အထိမ်းအမှတ်များ၊  လက်မှုအနုပညာပစ္စည်းများ၊ ကလေးသူငယ် ပညာပေးမှုများ၊ သီဟာသနပလ္လင်နှင့် မင်းခမ်းတော်၀င် ပစ္စည်း ပုံစံတူများကို ရုပ်လုံးရုပ်ကြွများ၊ ဗီဒီယိုပြကွက်များနဲ့ ဝေဝေဆာဆာ စုံစုံလင်လင်ပြထားသည်မှာ (၃)နှစ်ပြည့် မြောက်ပြီဖြစ်ပါကြောင်း၊ (၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် မြန်မာ့ ရိုးရာ စဉ့်ထည်များကို ထုတ်နှုတ်ပြီး မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲကို ခင်းကျင်း ပြသခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းသည့်နည်းတူ မြန်မာ့ရိုးရာစဉ့် ထည်လုပ်ငန်း တိုးတက်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ယနေ့ အချိန်တွင် ပြတိုက်များ သည် ပညာပေးရေး၊ သုတေသနပြုရေးသာမက ပြည်သူလူထု အပန်းဖြေသည့် နေရာအဖြစ် ဖော်ဆောင် လာကြပါကြောင်း၊ ထို့ကြောင့် ပြတိုက်များ၏ခင်းကျင်း ပြသမှုကို စဉ်ဆက်မပြတ် တီထွင်ကြံဆ ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ ပြတိုက်၀န်ထမ်း များသည် သမိုင်းအမြင်၊ ရှေးဟောင်းသုတေသနအမြင်၊ အနုပညာအမြင်၊ ယဉ်ကျေးမှုအမြင်ရှိရန် လိုအပ် သကဲ့သို့ ပြည်တွင်း ပြည်ပဧည့်သည်များ အဆင်ပြေချောမွေ့ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လေ့လာ နိုင်အောင် ၀န်ဆောင်မှုအမြင်လည်းရှိရန် လိုအပ်ပါကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့်  မြန်မာသမိုင်း ပညာရှင်များ၊ မြန်မာနိုင်ငံပြတိုက်များကော်မတီ အဖွဲ့၀င်များ၊ ICOM – Myanmar အဖွဲ့၀င်များ၊ သာသနာ ရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မြန်မာ့ရိုးရာစဉ့်ထည် အနုပညာ အထူးပြပွဲကို အားပေးကြည့်ရှုသည်။

 

မြန်မာ့ရိုးရာစဉ့်ထည်အနုပညာအထူးပြပွဲ (Myanmar Traditional Glaze Art Special  Exhibition) ကို အမျိုးသားပြတိုက်(နေပြည်တော်)၌ ဇူလိုင် ၁၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်း၀င်ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့၀င်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)