အမျိုးသားရေးတာဝန် ပါဝင်ဆောင်ရွက်

အမျိုးသားရေးတာဝန်ဆိုသည်မှာ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် တစ်မျိုးသားလုံး မဖြစ်မနေ ပါဝင်ထမ်းရွက်ကြရမည့်တာဝန်ကို ဆိုလိုသည်။ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ကာလ တစ်ကမ္ဘာလုံးပျံ့နှံ့ ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ဖြေရှင်းရေးသည်လည်း လူသားအားလုံး နှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန်ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများ၏အရေးကြီးသော ကိစ္စများတွင် COVID-19 ကူးစက်ရောဂါသည် အရေးတကာတွင် အရေးအကြီးဆုံးကိစ္စ ဖြစ်သည်။ ထိုရောဂါကူးစက်ပြန့်ပွားလာပါက အခြားအရေးကိစ္စများတွင်ပါ ထိခိုက်မှုများ၊ အဟန့်အတားဖြစ်မှုများ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထို့ကြောင့် COVID-19 ရောဂါမဖြစ်ပွားအောင်၊ ဖြစ်ပွားပါက ကာကွယ်ဟန့်တားနိုင်အောင်၊ အမျိုးသားရေးသတိဖြင့် ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နေ့စဉ်သတင်းထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရောဂါကူးစက် ဖြစ်ပွားသောနိုင်ငံများ တိုးပွားနေရာ မတ်လ ၃ ရက်နေ့က နိုင်ငံ ၆၅ နိုင်ငံရှိရာမှ မတ်လ ၅ ရက်နေ့တွင် ၇၇ နိုင်ငံဖြစ်လာပြီး ရောဂါမဖြစ်သေးသော နိုင်ငံများသို့ပါ အလျင်အမြန် ကူးစက်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ယနေ့အချိန်အထိ မြန်မာ နိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရသည်။

COVID-19 ရောဂါသည် စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံ ဟူပေ ပြည်နယ်တွင် နေထိုင်ခဲ့သည့် လူများနှင့်ဆက်နွှယ်ခဲ့သည်ဆိုသော်လည်း ယခုအခါ တရုတ်နိုင်ငံနှင့် အလှမ်းဝေးသောနိုင်ငံများ၊ အဆက်အစပ် နည်းသောနိုင်ငံများတွင်လည်း ဖြစ်ပွားနေသဖြင့် မည်သည့်အချိန်၊ မည်သည့် ဒေသတွင် မည်သည့်နည်းဖြင့် ထိုရောဂါကူးစက်နိုင်သည်ကို မှန်းရခက် နေသည်။ အချို့နိုင်ငံများတွင် ရောဂါဖြစ်သည်ကို ချက်ချင်းသိ၊ ချက်ချင်း စောင့်ကြပ်ကြည့်ရှု ကုသနိုင်သဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ထားနိုင်သည်ကို သတိမူရမည်ဖြစ်သည်။ အချို့နိုင်ငံများတွင် ရောဂါဖြစ်နေသည်ကို ချက်ချင်းမသိသဖြင့် ကူးစက်ပြန့်ပွားမှု မြန်ဆန်များပြားနေသည်ကိုလည်း သတိထားရမည် ဖြစ်သည်။

အဓိကမှာ ရောဂါလက္ခဏာဖြစ်နိုင်သည်ကို ပေါ့ပေါ့ဆဆမနေမိရန်နှင့် ဖြစ်နိုင်သည်ဟု ထင်မြင်သည်နှင့် သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပေးရန် ဖြစ်သည်။ သံသယဖြစ်သည်နှင့် ချက်ချင်းအသိပေး ချက်ချင်းစောင့်ကြပ် ကြည့်ရှုကုသမှုပေးခြင်းဖြင့် လက်ဦးမှုယူရမည် ဖြစ်သည်။ ရုတ်တရက် ပြည်သူများအတွင်း၌ ကူးစက်နိုင်ခြင်းကြောင့် ပြည်သူများနှင့် လူမှုရေးအဖွဲ့ အစည်းများအနေဖြင့် ကျန်းမာရေးဌာန၏ အသိပေးနှိုးဆော်ချက်များကို အလေးထား လိုက်နာရမည်ဖြစ်သည်။

ယခုကာလအတွင်း လူစုလူဝေးများရာနေရာများနှင့် ပွဲလမ်းသဘင် ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန်၊ အကယ်၍ ထိုသို့မလွှဲမရှောင်သာ ကျင်းပရပါက တက်ရောက်သည့် လူအရေအတွက် နည်းနိုင်သမျှ နည်းပါးစေရန်နှင့် ဖျားနာ သူများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ မလာရောက် စေရေးအစီအမံများ တင်းကျပ်စွာ ပြုလုပ်ရမည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကိုလည်း စနစ်တကျ တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုပါသည်။

COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ပတ်သက်ခဲ့သူများ၊ ရောဂါ ကူးစက်ပြန့်ပွားမှုများပြားရာ နေရာဒေသမှ ပြည်တွင်းသို့ရောက်လာခဲ့သူများနှင့် သံသယရောဂါလက္ခဏာ ဖြစ်ပွားလာသူများအနေဖြင့် အနီးဆုံး ကျန်းမာရေးဌာနသို့ သတင်းပေးပို့ကြရန်၊ သံသယရောဂါလက္ခဏာရှိသူများကို တွေ့ရှိပါက ပြည်သူများအနေဖြင့် အနီးစပ်ဆုံး ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန်နှင့် အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်မှုများတွင် နိုင်ငံသားအားလုံး အမျိုးသားရေးအသွင်ဖြင့် လက်တွဲပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။  ။

ြု့ြျ