အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာဦးစီးဌာနနှင့် ဇွဲကပင်အသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန် ၆ ဇွန် 

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၄) ပထမနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ အား/ကာဦးစီးဌာနနှင့် ဇွဲကပင်အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။

 

အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက တက္ကသိုလ်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ တက္ကသိုလ်အသင်းသည် ပထမဆုံးအမှတ်ရယူနိုင်ရန် ကြိုးပမ်းခဲ့သောကြောင့် အား/ကာဦးစီးဌာနအသင်း အနိုင်ရသော်လည်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ဒုတိယပိုင်း သွင်းဂိုးများကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အား/ကာဦးစီးဌာနအသင်းအတွက် အနိုင်ဂိုးများကို ၄၈၊ ၆၉ မိနစ်တွင် ဆုပြည့်ပြည့်ကျော်၊ ၇၆ မိနစ်တွင် နှင်းပွင့်အေး၊ ၇၈ မိနစ်တွင် မိုးမိုးသန်းတို့က သွင်းယူခဲ့သည်။ 

 

တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက ဂန္ဓမာအသင်းကို ကိုးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဇွဲကပင်အသင်းသည် နောက်ဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဆင့် (၆) နေရာရယူနိုင်ခဲ့သည်။ ဇွဲကပင်အသင်းအတွက် အနိုင်ဂိုးများကို ၈၊ ၁၂၊ ၇၆၊ ၉၀+၁ မိနစ်တွင် စန်းသော်သော်၊ ၄၈၊ ၅၃ မိနစ်တွင် လဲ့လဲ့လှိုင်၊ ၅၄၊ ၈၆ မိနစ်တွင် ဝင်းဝင်း ၆၅ မိနစ်တွင် နော်အဲမူဖောတို့က သွင်းယူကာ မိနစ် ၇၀ တွင် အိစန္ဒာဇော်တို့က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၁၄) ဒုတိယနေ့ကို ဇွန် ၇ ရက် တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး အား/ကာသိပ္ပံအသင်းနှင့် YREO အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း