အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် မြဝတီနှင့် ဇွဲကပင်အသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန်  ၁၂  မေ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၉) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်းနှင့် ဇွဲကပင်အသင်းတို့ ဂိုးပြတ်အနိုင်ရခဲ့သည်။ 

 

အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။ ဇွဲကပင်အသင်းသည် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး တတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့သည်။ ဇွဲကပင်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာသွင်းနိုင်သော်လည်း ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူနိုင်ခဲ့၍ ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင်အသင်းအတွက် အနိုင်ဂိုးများကို ယူ-၁၉ လက်ရွေးစင်တိုက်စစ်မှူး စန်းသော်သော်က ၁၈၊ ၇၆၊ ၇၈ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး ကျန်တစ်ဂိုးမှာ ၈၁ မိနစ်တွင် ဇင်မာထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက ဂန္ဓမာအသင်းကို ၁၄ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံမြဝတီအသင်းသည် အမှားအယွင်းမရှိ နိုင်ပွဲဆက်နေပြီး ယခုပွဲတွင်လည်း ဂိုးပြတ်နိုင်ပွဲထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းအတွက် တိုက်စစ်မှူး ဝင်းသိဂီထွန်းက ၃၂၊ ၄၄၊ ၅၅၊ ၇၁၊ ၇၉၊ ၈၃၊ ၈၈ မိနစ်တွင် တစ်ဦးတည်းခုနစ်ဂိုးသွင်းယူပြီး ကျန်ဂိုးများကို ၅၊ ၁၃ မိနစ်တွင် ခိုင်သဇင်၊ ၂၃၊ ၄၁ မိနစ်တွင် ရူပါခိုင်၊ ၇၈၊ ၉၀ မိနစ်တွင် ပန်းအိခိုင်၊ ၈၅ မိနစ်တွင် မေသူကျော်တို့က သွင်းယူခဲ့သည်။ ဂန္ဓမာအသင်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးကို မိနစ် ၇၀ တွင် အိစန္ဓာဇော်က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၉) ဒုတိယနေ့ကို မေ ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ဒဂုံကွင်း၌ YREO အသင်းနှင့် သစ္စာအားမာန်အသင်း၊ အောင်ဆန်းကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် တက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း