အမျိုးသမီးလိဂ်တွင် အသင်းသစ်များ ထပ်တိုးလာမည်

ရန်ကုန် ၁၅ မေ

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက တာဝန်ယူကျင်းပမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းသစ်များ ထပ်တိုးလာ မည်ဖြစ်ပြီး ပြိုင်ပွဲမစတင်မီ အတည်ပြုသွားမည်ဖြစ်သည်။

 

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခင်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ယူကျင်းပခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ရာသီအပြီးတွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ပြောင်းလဲတာဝန်ယူကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့်ရာသီအပြီးတွင် အသင်းအချို့ နုတ်ထွက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အသင်းသစ်များ လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို တာဝန်ယူကျင်းပရမည် ဖြစ်သောကြောင့် ပြိုင်ပွဲစည်းမျဉ်း အပါအဝင် ပြိုင်ပွဲကျင်းပနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။

 

ယခုရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ရန် လျာထားပြီး ပြိုင်ပွဲစည်းမျဉ်းများ အတည်ပြုပြီး ပါက ပြီးခဲ့သည့်ရာသီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အသင်းများ ဆက်လက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ အတည်ပြု မည်ဖြစ်ပြီး အသင်းသစ်များကိုလည်း ထပ်မံအတည်ပြုမည်ဖြစ်သည်။

 

လက်ရှိတွင် အသင်းသစ်နှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး မြန်မာနေရှင်နယ်လိဂ်ကော်မတီက ပြိုင်ပွဲဝင် အသင်းများ ဖိတ်ခေါ်မှသာ အတည်ပြုနိုင်မည် ဖြစ်သည်။

 

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီသာ ကျင်းပပြီးစီးသေးကြောင်း သိရသည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် မြဝတီအသင်းက နှစ်ကြိမ်၊ အား/ကာသိပ္ပံအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

 

နောက်ဆုံးကျင်းပခဲ့သည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း၊ မြဝတီအသင်း၊ သစ္စာအားမာန်အသင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်း၊ YREO အသင်း၊ ဂန္ဓမာအသင်း၊ တက္ကသိုလ်အသင်းနှင့် ဇွဲကပင်အသင်း တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

 သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်