အမျိုးသမီးလိဂ်တွင် ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပြီး အား/ကာသိပ္ပံ ထိပ်ဆုံးရောက်လာ

ရန်ကုန် ၂၃ မေ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) ဒုတိယနေ့ကို ယနေ့ ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံမြဝတီကို အနိုင်ရခဲ့သည့် အား/ကာသိပ္ပံအသင်းမှာ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။ 


တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက မြဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ပြီး ကာလရှည် ထိပ်ဆုံး၌ ဦးဆောင်နေသည့် မြဝတီအသင်း၏ နေရာကို ရယူနိုင်ခဲ့သည်။ ပြိုင်ပွဲစည်းမျဉ်းအရ အမှတ်တူလျှင် နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ဖြစ်သော်လည်း နှစ်သင်းစလုံး တစ်ကျော့စီအနိုင်ရထားရာ ဂိုးကွာခြားချက်တွင် အသာရသည့် အား/ကာသိပ္ပံအသင်းက ထိပ်ဆုံးရောက်သွားခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် မြဝတီနှင့် သစ္စာအားမာန်တို့ကို ဒုတိယအကျော့တွင် အနိုင်ရခဲ့သောကြောင့် ချန်ပီယံအခွင့်အရေး ပိုမိုကောင်းမွန်သွားခဲ့သည်။


နှစ်သင်းစလုံးအတွက် အရေးပါသည့် ပွဲဖြစ်သောကြောင့် လူစုံထုတ်ကစားခဲ့သည်။ မြဝတီအသင်းသည် သရေကစားနိုင်ရုံဖြင့် သုံးကြိမ်ဆက် ချန်ပီယံအိပ်မက် အကောင်အထည်ဖော်နိုင်ရန် နီးစပ်မည်ဖြစ်သောကြောင့် ထိန်းကစားခဲ့သည်။ မြဝတီအသင်းတိုက်စစ်မှာ ယခုပွဲတွင် အလုပ်မဖြစ်ခဲ့ဘဲ အား/ကာသိပ္ပံနောက်တန်းကို ထင်သလောက်ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပေ။ အား/ကာသိပ္ပံအသင်းသည် ပထမပိုင်းကတည်းက ဖိကစားနိုင်သော်လည်း ဒုတိယပိုင်းမှ ဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် အခွင့်အရေးအချို့ကို အသုံးမချနိုင်သော်လည်း ပွဲပြီးခါနီး ၉၀+၃ မိနစ်တွင် ရရှိသည့် အခွင့်အရေးကို အသင်းခေါင်းဆောင် ခင်မာလာထွန်းက အသုံးချကာ အနိုင်ဂိုးသွင်းယူခဲ့သည်။


ယခုပွဲအပြီးတွင် အား/ကာသိပ္ပံနှင့် မြဝတီအသင်းတို့ ၂၈ မှတ်စီ တူညီသွားပြီး ဂိုးကွာခြားချက် အသာရထားသည့် အား/ကာသိပ္ပံအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။


အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးကို ၇၃ မိနစ်တွင် ရရှိသည့်ပယ်နယ်တီကို ဂျူလိုင်ကျော်က သွင်းယူခဲ့သည်။ သစ္စာအားမာန်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ၂၅ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ 


သတင်း - ရဲရင့်ရှိုင်း
ဓာတ်ပုံ - ဖိုးသော်ဇင်