အမျိုးသမီးနှင့်ကလေးငယ်များကို လူကုန်ကူးမှုအန္တရာယ်မှ ဝိုင်းဝန်းကာကွယ်

၇ စက်တင်ဘာ

 

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေးပွဲများ၊ ဟောပြောပွဲများကို အမြို့ မြို့အနယ်နယ်တွင် ပြုလုပ်နေကြသည်။ စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုကာအမျိုးသမီးများ၊ ကလေးများ အပါအဝင် လူကုန်ကူးခံရမှုများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူထုကို အသိပညာမြှင့်တင်ပေးနေခြင်းလည်းဖြစ်သည်။ လူကုန်ကူးမှုများ၏ အဆိုးရွားဆုံး အခြေအနေများကအရှေ့တောင်အာရှဒေသတွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အရှေ့တောင်အာရှသည်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားပြီး လုပ်သားလိုအပ်ချက်ကလည်း အမြဲတမ်းမြင့်မားနေသည်။ ဒေသတွင်း နိုင်ငံတစ်ခုနှင့်တစ်ခု စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှုန်းကလည်း ညီမျှမှုမရှိ။ တစ်ဖက်တွင်လည်း လိင်မှုကိစ္စ ကမ္ဘာ့လှည့်ခရီးသွားတို့၏ စားကျက်လည်းဖြစ်လို့နေသည်။ သို့ဖြစ်သည့်အလျောက် လူ ၁၀ဝဝ လျှင် သုံးဦးနှုန်းလူကုန်ကူးခံနေရသည်ဟုလည်း ဆိုထားသည်။

 

 

ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှု၊ မိသားစုတွင်း ပဋိပက္ခများ ဖြစ်ပွားမှုနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သဘာဝဘေးအ္တရာယ်များကျရောက်မှု၊ ပြည်တွင်းစစ်နှင့်လက်နက်ကိုင်ပဋိပက္ခများ စသည်တို့က ကလေးများနှင့်အမျိုးသမီးများကို လူကုန်ကူးခံရမည့် သားကောင်များအဖြစ် ဖန်တီးပေးလိုက်ကြသည်။ လူကုန်ကူးမှုလုပ်ငန်းသည် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို ရောင်းဝယ်သည့်လုပ်ငန်းကဲ့သို့ပင် အကျိုးအမြတ်ကြီးမားသည့်အလျောက် နှိမ်နင်းရန်ခက်ခဲသည့် ဒုစရိုက်လုပ်ငန်းလည်းဖြစ်နေသည်။ လူကုန်ကူးမှုခံရသည့် သားကောင်များအနက် ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး ၅ ရာခိုင်နှုန်းခန့်ကကလေးများဖြစ်သည်ဟု ဆိုသည်။

 

 

မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုများတွင် အမျိုးသမီးများ၊ အမျိုးသားများနှင့် ကလေးများကို အိမ်နီးချင်းနိုင်ငံများ၌ အတင်းအကျပ်အလုပ်စေခိုင်းရန်၊ စီးပွားဖြစ်လိင်မှုဆိုင်ရာ အမြတ်ထုတ်ရန်၊ အိမ်ဖော်အဖြစ်၊ လမ်းပေါ်ဈေးသည်အဖြစ်၊ တောင်းစားသူအဖြစ် ခိုင်းစေရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးဖမ်းသင်္ဘောလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ စသည့် ပင်ပင်ပန်းပန်း ကြမ်းကြမ်းတမ်းတမ်း အလုပ်လုပ်ရသောနေရာများတွင် ခေတ်သစ်ကျေးကျွန်အဖြစ် အလုပ်လုပ်ကိုင်ကြရခြင်း ဖြစ်သည်။ လူကုန်ကူးခံရမှုများသည် ဆင်းရဲမွဲတေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ပညာမတတ်ခြင်းတို့တွင် အရင်းခံသည်ဟု ဆိုရုံဖြင့် မလုံလောက်ကြောင်း သုတေသီများက ဆိုသည်။ မိမိတို့ဇာတိနိုင်ငံထက် ပိုမိုဖွံ့ ဖြိုးတိုးတက်သည့်နိုင်ငံမှ အခွင့်အလမ်းကောင်းများ၏ ဆွဲဆောင်မှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများ၏ အားနည်းချက်များမှ ထွက်ပေါ်လာသော တရားမဝင်ရွှေ့ပြောင်းသွားလာမှုများကို အရင်းခံဖြစ်ပေါ်လာသည့် အကာအကွယ်မဲ့ ရွှေ့ပြောင်းသွားလာမှုများက လူကုန်ကူးဒုစရိုက်သမားများအတွက် အခွင့်အလမ်းများ ဖန်တီးပေးသည့်သဖွယ် ဖြစ်ခဲ့ရသည်ဟုလည်း ဆိုထားသည်။

 

 

မိမိတို့နိုင်ငံတွင် ယခုနှစ် ပထမ (၆)လပတ်အတွင်း လူကုန်ကူးမှု ၁၀၇ မှု ဖြစ်ပွားခဲ့ရာ လူကုန်ကူးခံရသူ သားကောင်အမျိုးသမီး ၁၅၆ ဦး၊ အမျိုးသား ၂၀ နှင့် မိန်းကလေးငယ် ငါးဦးတို့ဖြစ်ကြောင်း၊ လူကုန်ကူးမှုတရားခံ အမျိုးသမီး ၂၀၃ ဦးနှင့် အမျိုးသားတရားခံ ၈၉ ဦးတို့ ဖြစ်ရာ လူကုန်ကူးမှုတရားခံများတွင်ရော သားကောင်များတွင်ပါ အမျိုးသမီးအရေအတွက်က အများဆုံးဖြစ်နေသည်ကို ဂရုပြုဖွယ်ရာဖြစ်သည်။ အမျိုးသမီးသားကောင်များကို အမျိုးသမီး ဒုစရိုက်သမများက နည်းအမျိုးမျိုးဖြင့် မက်လုံးပေး သွေးဆောင်ပြီး လူကုန်ကူးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့ထဲတွင် ဆွေမျိုးများ၊ မိသားစုဝင်များ၊ အရင်းနှီးဆုံးမိတ်ဆွေများပင် ပါဝင်လေ့ရှိကြကြောင်းလည်း သိရသည်။

 

 

လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအတွက် ယခုအခါတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များကို မြို့နယ်အလိုက် ဖွဲ့စည်းထားပြီး အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ လူကုန်ကူးမှုသည် နယ်စပ်ဖြတ်ကျော်ကျူးလွန်သည့်မှုခင်းများဖြစ်သည့်အလျောက် နယ်စပ်ဒေသ ထိန်းချုပ်မှုများကိုမြှင့်တင်ခြင်း၊ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်များကို ခေတ်ကာလအခြေအနေနှင့် လျော်ညီအောင် ပြုပြင်ခြင်း၊ ပညာပေးကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းတို့ကို ကဏ္ဍအလိုက်သက်ဆိုင်ရာတာဝန်ရှိဌာနများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူများ၏ အင်အားဖြင့် စုပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ မြန်မာ့အလင်း