အမျိုးသမီးထုအတွက် ရသပိုင်းနှင့် ပညာပေး ပေါင်းစပ်ရိုက်ကူးထားသော “လေဒီဒိန်းဂျား” ရုပ်ရှင် ရုံတင်တော့မည်

ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ခန့်စည်သူ၊ ခါရာ၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုနှင့် အခြား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသော လေဒီဒိန်းဂျား (Lady Danger) ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင် ရုံတင်ပြသတော့မည်ဖြစ်သည်။ 

လေဒီဒိန်းဂျား ရုပ်ရှင်၏ ဝတ္ထုနှင့် ဇာတ်ညွှန်းကို မိုးနီလွင် ရေးသားပြီး အမျိုးသမီး လူငယ်ဒါရိုက်တာ ပွင့်သိဂီ ဇော်က ရိုက်ကူးထားကြောင်း သိရသည်။ ဒါရိုက်တာ ပွင့်သိဂီဇော်က "ဒီဇာတ်ကားလေးက အိမ်ထောင်ရေးကားပါ။ တစ်ခါတလေပွင့် ရိုက်တဲ့ဇာတ်ကားတွေက မသိမသာလေး မိန်းကလေးဦးဆောင်တဲ့ ဇာတ်တွေ ဖြစ်နေတတ်တယ်။ မရိုက်ခင်ကတည်းကလည်း ပွင့်က မိန်းကလေးတွေကို အားပေးတဲ့ဇာတ်လေးတွေ ဖန်တီးဖြစ်တယ်။ လေဒီဒိန်းကတော့ ဟာသပုံစံလေးတွေ ပိုများမယ်။ အိမ်ထောင်တစ်ခုမှာ တစ်ယောက်ယောက်က ခြေလှမ်းမှားမယ်ဆိုရင် ယောက်ျားလည်းခံရမယ်၊ မိန်းမလည်း ခံရမယ်။ အဲဒီမိသားစုမှာ ကလေးရှိရင် ကလေးလည်း ခံရမယ်။ ရယ်စရာ မောစရာဆိုတဲ့နေရာမှာ ရယ်စရာက ပျော်ဖို့ကောင်းတာပေါ့။ ကိုယ်ယူရင် ယူသလိုတော့ Message လေးတွေ ရနိုင်ပါလိမ့်မယ်။ အိမ်ထောင်သည်တွေတင်မဟုတ်ဘဲ ရည်း စားဖြစ်နေတဲ့အချိန်မှာတောင် တချို့မိန်းကလေးတွေ အနိုင်ကျင့်ခံရတာတွေလည်း ရှိတယ်။ အိမ်ထောင်ရှိတဲ့သူတွေ အတွက်ဆို အိမ်တွင်းအကြမ်းဖက်တာတွေလည်း ရှိတယ်။ ဖောက်ပြန်တာတွေရှိမယ်။ ဒါဆိုရင် မိန်းကလေးတွေဘက်က ငြိမ်ခံနေမယ့်အစား ဘယ်လိုလုပ်သင့်တယ်ဆိုတာ တွေကို ပညာပေးလေးနည်းနည်းနဲ့ ရိုက်ပြထားပါတယ်"ဟု ပြောသည်။

အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ခန့်စည်သူနှင့် အတူ တွဲဖက်သရုပ်ဆောင်ထားသည့် ထွန်းအိန္ဒြဗိုလ်ကလည်း "ကျွန်မက ဒီကားမှာ ကိုခန့်ရဲ့ အမျိုးသမီးနေရာကနေ သရုပ်ဆောင်ရမှာပါ။ နည်းနည်း ရိုးရိုးအအ မိန်းမတစ် ယောက်ပုံစံပေါ့နော်၊ ဇာတ်ကားလေးက ရိုးရှင်းပေမယ့် ပြောထားတဲ့ စကားလုံးတွေက တော်တော်ကောင်းပါတယ်။ ဒါရိုက်တာကလည်း မိန်းကလေးတစ်ယောက်မို့လား မသိဘူး၊ တကယ်ကောင်းအောင် တင်ပြထားတာ တွေ့ရတယ်။ ပြီးတော့ ဇာတ်ကားထဲမှာ ကျွန်မပြောတဲ့စကားလေးတွေ အွန်လိုင်းမှာ ပျံ့နေတာတွေ့ရတယ်၊ ပရိသတ်တွေကလည်း သဘောကျတယ်ဆိုတော့ အတိုင်းမသိ ကျေးဇူးတင်ပါ တယ်" ဟု ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

လေဒီဒိန်းဂျား ဇာတ်ကားတွင် ရိုးသားဖြူစင်သော မိန်းကလေးအချို့၏ ဘဝများသည် စိတ်ဓာတ်ရေးရာ နိမ့်ပါး သော ယောက်ျားအချို့ကြောင့် ပျက်စီးခဲ့ပုံနှင့် ထက်မြက်သည့် အမျိုးသမီးများအနေဖြင့် ထိုသို့သော ယောက်ျား သားများကို ပညာပေးပုံများ၊ အိမ်ထောင်ရှိလျက်နှင့် သစ္စာဖောက်သည့်အတွက် နောက်ဆုံးတွင် ဒုက္ခရောက်တတ်ပုံများကို ဟာသနှင့်ရော၍ ရိုက်ကူးတင်ဆက်ထားကြောင်း သိရသည်။

ကိုလင်း