အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး သွေးခဲနိုင်ချေ မြင့်မား

၈  ဒီဇင်ဘာ

 

အမျိုးသားတွေထက် အမျိုးသမီးတွေဟာ သွေးခဲနိုင်ချေပိုမြင့်မားတယ်။ deep vein thrombosis လို့ခေါ်တဲ့ သွေးပြန်ကြော သွေးခဲပိတ်ခြင်း ရောဂါဖြစ်နိုင်ချေ ပိုများတယ်ဆိုရင် အံ့သြသွားမလား။ ဒီကိစ္စက အမှန်ပါ။ နာတာရှည်သွေးပြန်ကြော ရောဂါတွေ၊ သွေးခဲတဲ့ ပြဿနာတွေ အမျိုးသားတွေမှာလည်း ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ တွေ့ရပိုများပါတယ်။

 

သွေးခဲတာ ကြောက်စရာလိုလို့လား။

 

ထိခိုက်ဒဏ်ရာ တစ်ခုခုရလို့ သွေးထွက်တဲ့အခါ ကိုယ်ခန္ဓာက သွေးခဲစေပြီး သွေးတိတ်အောင် လုပ်ရပါတယ်။ ဒါကကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် deep vein thrombosis လို့ခေါ်တဲ့ သွေးပိတ်ကြောပိတ်တဲ့ ပြဿနာမှာတော့ ဒီသွေးခဲတဲ့ ကိစ္စက တရားခံပါ။ ဒါတင်မက ခဲနေတဲ့ သွေးခဲလေးတွေပြုတ်ထွက်ပြီး အဆုတ်သွေးကြော နှလုံးသွေးကြောတွေမှာ သွားပိတ်ရင် ပိုပြီး ပြဿနာကြီးသွားပါပြီ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပြဿနာတွေက မိန်းကလေးတွေမှာမှ ဘာ့ကြောင့် ပိုဖြစ်ရတာလဲ

 

အမျိုးသမီးတွေမှာ သွေးခဲနိုင်တဲ့ ပြဿနာတွေ ဖြစ်ရတာ ဒါတွေကြောင့်ပါ။

 

(၁) ကိုယ်ဝန်

 

ကိုယ်ဝန်စဆောင်ထားတဲ့အချိန်ကစပြီး မီးဖွားခါနီး အချိန်အထိ ပြောင်းလဲလာတဲ့ ဟော်မုန်းနဲ့ ကိုယ်ခန္ဓာ အခြေအနေများကြောင့် အခြားသူများထက် သွေးခဲနိုင်ချေ ၅ ဆပိုပြီးမြင့်နေပါလိမ့်မယ်။ ကြီးလာတဲ့ သားအိမ်က သွေးကြောတွေကို သွားဖိတာကြောင့်ရယ်၊ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ နားနားနေနေ နေတာက ပိုများတာရယ်ကြောင့်လည်း ပါတာပေါ့။ ဆရာဝန်ဆီသွားပြဖို့ရော လိုလားလို့ သိချင်တဲ့သူတွေ ရှိနေမှာပါ။

 

သွေးခဲခြင်းနဲ့ဆိုင်တဲ့ရ ောဂါတွေ၊ သွေးခဲတဲ့ပြဿနာတွေ အရင်တုန်းက ဖြစ်ခဲ့ဖူးရင်

 

တစ်ချိန်လုံး အိပ်ရာပေါ်မှာ လှဲနေရတဲ့သူဖြစ်နေခဲ့ရင်

 

ဗိုက်ခွဲမွေးဖို့ စီစဉ်ထားရင် ဆရာဝန်ဆီ သွားပြပြီး ဆေးကုသမှု ကြိုတင်ခံယူဖို့၊ DVT ကို ကြိုတင်ကာကွယ် ထားဖို့လိုအပ်ပါတယ်။

 

ဆရာဝန်ပေးတဲ့ သွေးကျဲဆေးတွေလည်း သောက်မယ်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေလည်း လုပ်ပေးမယ်၊ ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ DVT ဖြစ်ဖို့ ကြောက်စရာမလိုတော့ပါဘူး။

 

(၂) သားဆက်ခြားနည်းများ။

 

သားဆက်ခြားနည်း

 

သားဆက်ခြားနည်းတွေထဲမှာမှ အီစတိုဂျင်ဟော်မုန်း၊ ဟော်မုန်းနှစ်မျိုးစပ်ပါတဲ့ သားဆက်ခြားနည် တွေက DVT ဖြစ်နိုင်ချေပိုများပါတယ်။ ဟော်မုန်းပေါင်းထားတဲ့ သားဆက်ခြားနည်းတွေက DVT ဖြစ်နိုင်ချေ ၃ ဆ ပိုမြင့်ပါတယ်။ ဒီတော့ ဒီလို ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းကို ရှောင်သင့်တဲ့သူတွေ ရှိပါတယ်။

 

ကိုယ်ခန္ဓာ အဝလွန်နေတဲ့သူတွေ

 

အသက် ၃၅ နှစ်အထက်ရှိနေပြီး

 

တစ်နေ့ကို စီးကရက် ၁၅ လိပ်ထက်ပိုသောက်နေတဲ့အမျိုးသမီးတွေ

 

သွေးတွင်းကိုလက်စရောများနေပြီး

 

သွေးတိုးရောဂါ ရှိနေတဲ့ အမျိုးသမီးတွေက ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေကိုသုံးရင် DVT ပိုဖြစ်နိုင်ပါတယ်။

 

အီစတိုဂျင် ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်းတွေဖြစ်တဲ့ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ သားဆက်ခြားနည်းတွေကို ရွေးသုံးပါ။

 

(၃) ဟော်မုန်း အစားထိုးကုသခြင်း ( Hormone Replacement Therapy)

 

တချို့သွေးဆုံးသွားပြီးနောက်ပိုင်း သွေးဆုံးချိန် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေဖို့ ဟော်မုန်း အစားထိုးကုသခြင်းကို ခံယူနေတဲ့ အမျိုးသမီးကြီးတွေ ရှိပါတယ်။ ဟော်မုန်းအစားထိုးဆိုတော့ အီစတိုဂျင်ရော ပရိုဂျက်စတုန်းရော ၂ မျိုးလုံးပါမှာ ဖြစ်တာကြောင့် DVT ဖြစ်နိုင်ချေ များပါတယ်။ အထူးသဖြင့် အသက်ကြီးလာလို့ အဝလွန်နေတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အမျိုးသမီးတွေ၊ နှလုံးရောဂါ ရှိတဲ့အမျိုးသမီးတွေနဲ့ အရိုးကျိုးနေတဲ့ အမျိုးသမီးတွေက ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ ဒီတော့ ဟော်မုန်းအစားထိုးကုသခြင်းကြောင့် ရလာမယ့် ကောင်ကျိုး ဆိုးကျိုးတွေကို သေချာ ချိန်ဆပြီးတော့မှ ကုသသင့်မသင့် ဆရာဝန်နဲ့ တိုင်ပင်ဆုံး ဖြတ်ပါ။ ။

 

ရေးသားသူ Dr. Thin Yadanar @ Frances

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”