အမျက်ဒေါသတို့ ကင်းစေရာ

နေပြည်တော် ၁၀ ဩဂုတ်

လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး တစ်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အချို့တွင် လူအစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုများ စဉ်တိုက်ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လစ်ဘရယ်ဝါဒတို့တွင် ဦးဆောင် နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းက အယူရှိခဲ့ကြသည့် အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အမုန်းတရားအပေါ်တွင် အခြေခံသည့် အကြမ်းဖက်မှုများက အံ့သြမှင်တက်ဖွယ်ပင်ဖြစ်သည်။ ကာလ၊ ဒေသ၊ ပယောဂတို့ မဆီလျော်ဟူ၍ ယူဆရဖွယ်ဖြစ်သည့်တိုင် လူအမြောက်အမြား သေကျေခဲ့ရသည့် အကြမ်းဖက်သတ်ဖြတ်မှုများက ကမ္ဘာ့နံပါတ်တစ် နိုင်ငံကြီး၏ မြေပေါ်တွင် ပြင်ပပယောဂမပါဘဲ ဖြစ်ပေါ်ခဲ့သည်ကို မျက်ဝါးထင်ထင်တွေ့ မြင်ရသည်မှာ ယုံချင်စဖွယ်မရှိဟုပင် ဆိုရတော့မည်။

လူအချင်းချင်း မေတ္တာထားရန်၊ သူ့အသက်ကိုမသတ်ရန်၊ အကြမ်း မဖက်ရန်၊ ခွင့်လွှတ်သည်းခံရန် အစရှိသည်တို့ကို ဘာသာတရားအသီးသီးက လူသားတို့အား သင်ကြားဆုံးမခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ၍ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် ပကတိအားဖြင့် ကြည်လင်သန့်စင် နေသည်ဆိုသည့် လူသားတို့၏ စိတ်သန္ထာန်တွင် အလိုရမ္မက်ကြီးမှု၊ အမျက်မာန်စောင်ကြီးမှု၊ အသိတရားခေါင်းပါးမှု၊ ထောင်လွှားမောက်မာမှု၊ အမြင်မှောက်မှားမှု၊ သံသယကြီးမှု အစရှိသည့် အညစ်အကြေးတို့ ခိုအောင်းစွဲကပ်ကာ မုန်းတီးမှုနှင့် အကြမ်းဖက်မှုတို့ကို ကျင့်ကြံပြုလုပ် လာသည့်အခါမျိုးတွင် လူသားသည် အသိဉာဏ်နည်းပါးလွန်းသည်ဆိုသည့် တိရစ္ဆာန်တို့ထက်ပင် မိုက်မဲကြမ်းတမ်းစွာ ပြုမူခဲ့ကြသည်မှာ ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက်လုံးပင် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရေကြော၊ မြေကြော ဆက်စပ်နေရုံမျှမက နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ စာပေ စသည်တို့တွင်ပါ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့် ရက်သတ္တပတ် အနည်းငယ်မျှအကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့ ၌ အသက် ၇၈ နှစ်အရွယ် အဘိုးအိုတစ်ဦးကို အကြမ်းဖက် အစွန်းရောက် အမျိုးသားရေးဝါဒီတစ်ဦးက လူပုံအလယ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သည်။ အသတ်ခံရသည့် အဘိုးအိုသည် အိန္ဒိယနိုင်ငံ၏ ဖခင်ကြီးအဖြစ် ချစ်ခင်လေးစားခံရသူ၊ နိုင်ငံရေးတွင် အကြမ်းမဖက်ရေးလမ်းစဉ် အဟိံသဝါဒကို ချမှတ်ပေးခဲ့သူ၊ နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီတစ်ဦးလည်းဖြစ်သူ၊ ဥပဒေပညာရှင်၊ စာရေးဆရာ မိုဟန်ဒတ်စ်ကရမ်ချန်ဂန္ဒီဖြစ်သည်။ သူ့ကို အိန္ဒိယတစ်နိုင်ငံလုံးက မဟတ္တမဂန္ဒီဟူ၍သာ ခေါ်ကြသည်။ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း၏ အကြမ်းမဖက်ရေးလမ်းစဉ်ကို ဆက်ခံသူ မဟတ္တမဂန္ဒီ၏ အဟိံသဝါဒက မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအပေါ်တွင်လည်း သြဇာသက်ရောက်မှုများ ရှိခဲ့သည်။ အကြမ်းဖက်သမားတစ်ဦး၏ လုပ်ကြံမှုကြောင့် ဂန္ဒီကျဆုံးခဲ့ရခြင်းက အကြမ်းမဖက်ဝါဒ ကျဆုံးခဲ့ရခြင်းမဟုတ်ကြောင်း သမိုင်းကြောင်းက သက်သေခံနေခဲ့သော်လည်း အကြမ်းဖက်ဝါဒသည် အကြောင်းအမျိုးမျိုးကို အခြေခံ၍ ကာလဒေသအသီးသီးတွင် ဆက်လက်ပေါ်ပေါက်လျက်ရှိသည်မှာလည်း အမှန်တရားတစ်ခုပင် ဖြစ်သည်။

မျက်မှောက်ခေတ်တွင်မူ အမုန်းတရားနှင့် အမျက်ဒေါသ၊ အာဃာတတို့က နည်းပညာ၏ အကူအညီဖြင့် လျင်လျင်မြန်မြန် ပြန့်ပွားလျက်ရှိသည်။ လူမျိုးတစ်မျိုးနှင့် တစ်မျိုးတို့အကြား၊ ဘာသာတရားတစ်ခုနှင့် တစ်ခုတို့အကြား၊ အယူဝါဒ မတူကွဲပြားမှုများအကြား အမုန်းပွားစေရန်၊ အမျက်ဒေါသထွက်စေရန်၊ ပဋိပက္ခမီးတို့ တောက်လောင်စေရန် လှုံ့ဆော်မှု၊ သွေးထိုးမှုတို့ကို လွယ်လွယ်ကူကူပင် ပြုလုပ်နေကြသည်။ ဒေါသ၏ သဘောသည် ပြစ်မှားကြမ်းတမ်းသည့် အလျောက် ဖြစ်ပေါ်လာသည့် ရလဒ်မှာလည်း ကောင်းကျိုးမဟုတ်ဘဲ ဆိုးကျိုးသာလျှင် ဖြစ်သည်။

ဒေါသ၏ ဖြစ်ပေါ်ရာအကြောင်းသည် အနိဋ္ဌာရုံကြောင့်ဖြစ်သည်ဟု မောင်းထောင်ဆရာတော်ဘုရားကြီး၏ ဒေါသကထာတွင် ပြဆိုသည်။ မြင်၊ ကြား၊ အနံ့၊ ရသာ၊ ထိတွေ့၊ ခံစားမှုများဖြစ်သည့် အာရုံခြောက်ပါးသည် ဣဋ္ဌာရုံအားဖြင့်ကောင်းပါက လိုချင်လောဘကို ဖြစ်စေပြီး အနိဋ္ဌာရုံအားဖြင့် မကောင်းပါက ဒေါသကို ဖြစ်စေသည်။ ယင်းသို့ လောဘ၊ ဒေါသတို့ မဖြစ်စေရန်အတွက်မူ မိမိတို့၏ တွေ့ကြုံခံစားရသမျှတို့အပေါ်တွင် ယောနိသောမနသိကာရ ခေါ် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း ကြရန်ပင် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း