အမ်းမြို့၌ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်

အမ်း၊ ၁၇ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ရပ်နားထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ တစ်ပတ်လျှင် တစ်ရက်စီ ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး လာမည့်လများ၌ အမ်းလေကြောင်းခရီးစဉ်များ ပြောင်းလဲမှုရှိနိုင်ကြောင်း အမ်းမြို့နယ် မြန်မာအမျိုးသား လေကြောင်းလိုင်း ဌာနခွဲတာဝန်ခံ ဦးကျော်ဌေးထံမှ သိရသည်။

 

ထိုသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ရာ လေယာဉ်စီးနင်းလိုက်ပါကြမည့် ခရီးသည်များ အနေဖြင့် လေယာဉ်လက်မှတ်မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူများ ယူဆောင်ကာ တစ်ရက်ကြိုတင်၍ အမှတ် ၃ စျေးရပ်ကွက်ရှိ ဓမ္မရက္ခိတ ဘုရားကုန်းတော်ပေါ်၌ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးသွားမည်ဖြစ်သည်။ စစ်ဆေးရာတွင်လည်း ၁၅ မိနစ်အတွင်း အဖြေသိရှိနိုင်သည့် standardQ စနစ်ဖြင့် စစ်ဆေးပေးမည်ဖြစ်ရာ လူတစ်ဦးလျှင် ငွေကျပ် တစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုး ထံမှ သိရသည်။

 

အမ်းမြို့နယ်တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ အပတ်စဉ် တနင်္လာနေ့တိုင်း ရန်ကုန်၊ အမ်း၊ စစ်တွေမြို့များသို့ အပတ်စဉ် ပြေးဆွဲတော့မည် ဖြစ်ရာ လာမည့်လများ၌ လေကြောင်းခရီးစဉ် ပြောင်းလဲမှုရှိနိုင်ကြောင်း သိရှိရသည်။

 

ဝင်းအိမွန်(ပြန်/ဆက်)