အမြင်အာရုံ ချွတ်ယွင်းသော်လည်း စာမေးပွဲဖြေဆိုရန် စိတ်အားထက်သန်လျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများ

ရန်ကုန် ၁၀ မတ်


၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၇ ရက် နံနက် ၉ နာရီမှ စတင်၍ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် စာရင်းသွင်းခဲ့သည့် ကျောင်းသား ကျောင်းသူ ၈၄၄၃၅၈ ဦး ရှိခဲ့ပြီး ထိုသို့ ဝင်ရောက်ဖြေဆိုရာတွင် အမြင်အာရ ုံချွတ်ယွင်းသည့် ကျောင်းသား ကျောင်းသူများလည်း ပါဝင်ခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် အမြင်အာရုံချွတ်ယွင်းသည့် ကျောင်းသား ကျောင်းသူ ၁၃ ဦးစာရင်းပေးခဲ့ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကြည့်မြင်တိုင် စာစစ်ဌာနတွင် ခြောက်ဦးနှင့် အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း အင်းစိန်စာစစ်ဌာနတွင် ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

 

မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇီးနာဒွန်းက “ အခုနှစ်မှာ ကျွန်မတို့ဆီက ၁၀ တန်းဖြေဆိုနေတာ ခုနစ်ဦးရှိပါတယ်၊ ကျွန်မတို့ကျောင်းမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအနေနဲ့ ရှစ်တန်းအထိ အလက (၃) မရမ်းကုန်းမှာ သင်ကြားခဲ့ကြပါတယ်၊ အထက်တန်းအဆင့် ရောက်ရင်တော့ အထက(၂) အင်းစိန်မှာ ပြောင်းရွှေ့တက်ရောက်ပါတယ်၊ အခုလို တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုခင်မှာ အရည်အချင်းစစ် စာမေးပွဲအနေနဲ့ ဖေဖော်ဝါရီလက အထက(၂) အင်းစိန်မှာ ဖြေဆိုခဲ့ရပါတယ်၊ အဲဒီလို ဖြေဆိုခဲ့ပြီးမှ အခုစာမေးပွဲကို ဝင်ရောက်ဖြေဆိုတာ ဖြစ်ပါတယ်၊ ဖြေဆိုတဲ့အခါမှာလည်း သူတို့ရဲ့ တစ်ဆင့်နိမ့် အတန်းဖြစ်တဲ့ ကိုးတန်း ကျောင်းသားကျောင်းသူတွေက ကူညီဖြေဆိုပေးရတာ ဖြစ်ပါတယ်၊ ကိုးတန်းကလေးတွေက မေးခွန်းဖတ်ပေးရတယ်၊ ဖြေဆိုသူတွေက နှုတ်နဲ့ ပြန်ပြောပြတာကို ကူညီဖြေဆိုပေးတဲ့ ကိုးတန်းကလေးတွေက လက်နဲ့လိုက်ရေးပေးရတာပါ” ဟု ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသည့် အခြေအနေကို ပြောသည်။

 

မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် ဝိဇ္ဇာတွဲအနေဖြင့် ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် ရရှိခဲ့ဖူးကြောင်း ဒေါ်ဇီးနာဒွန်းထံမှ သိရသည်။

 

အင်းစိန်မြို့နယ် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား မောင်ဗျာယေရမိက “သုံးရက်လုံးဖြေတာ အားရမှုရှိခဲ့ပါတယ်၊ နှစ်စကတည်းက အများကြီး ကြိုးစားခဲ့ရတယ်၊ အချိန်ယူပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်၊ ကျောင်းကလည်း အများကြီး လုပ်ပေးသလို ဆရာ ဆရာမတွေကလည်း သေချာဂရုစိုက်ပြီး သင်ကြားပေးပါတယ်၊ ဖြေဆိုခဲ့တဲ့ ဘာသာတွေထဲမှာ မြန်မာဘာသာကို အားရပါတယ်၊ သင်္ချာဘာသာကတော့ နည်းနည်း အားနည်းခဲ့ပါတယ်၊ ဒီနေ့ သင်္ချာဖြေဆိုတဲ့အချိန်မှာ နားမလည်တဲ့ တချို့သင်္ကေတတွေဆိုရင် ကျွန်တော့်ကို ကူညီဖြေဆိုပေးတဲ့ သူကတစ်ဆင့် အတန်းစောင့် ဆရာမကိုမေးပေးပြီး ကူညီပေးတာမျိုး ရှိပါတယ်၊ ဆယ်တန်းအောင်လို့ ဘွဲ့ရပြီးရင်တော့ ကျွန်တော်တို့ မျက်မမြင်ကျောင်းမှာပဲ ပြန်လည်မျှဝေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်၊ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့လို လူတွေကို ပံ့ပိုးမှုပေးစေချင်ပါတယ်၊ ကျွန်တော်တို့ အမြင်အာရုံ အားနည်းပေမယ့် ကိုယ့်မှာရှိတဲ့ အစွမ်းအစကို ဖော်ထုတ်နိုင်အောင် ကူညီပြီးဝိုင်းဝန်းပေးကြပါ” ဟု ပြောသည်။

 

ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)၌ နေထိုင်၍ အင်းစိန်မြို့နယ် အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ မခွန်နန်က အောင်မြင်ပါက တက္ကသိုလ် ဆက်တက်မည်ဖြစ်ပြီး ဘွဲ့ရရှိပြီးပါက ဘဝတူအချင်းချင်း ပညာကို ပြန်လည်မျှဝေ သင်ကြားပေးလိုကြောင်း ပြောပြသည်။ “ တစ်နှစ်ပတ်လုံး ဆရာ ဆရာမတွေ သင်ကြားပေးခဲ့တာတွေကို ဂရုတစိုက်နားထောင်ပြီး သေချာကြိုးစားခဲ့တာကြောင့် လက်ရှိ အခြေအနေထိကတော့ အားလုံးကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်၊ ကျွန်မတို့က အမြင်အာရုံ ချို့တဲ့နေတော့ သင်္ချာနဲ့ အင်္ဂလိပ်တော့ နည်းနည်း အားနည်းတာမျိုး ရှိပါတယ်၊ ကိုယ်တိုင်မမြင်ရတဲ့အတွက် တခြားတစ်ယောက်က ကူညီပြီး ရေးပေးရတာမျိုး လုပ်ပေးရပါတယ်၊ အဲဒီအခါမှာ ကျွန်မတို့က တိုင်းရင်းသားဖြစ်တဲ့အတွက် ကိုယ်ပြန်ပြောတာကို နားမလည်တာမျိုး အခက်အခဲ နည်းနည်းတော့ ရှိပါတယ်၊ ကျွန်မကတော့ ဒီနှစ်သေချာပေါက် အောင်မယ်လို့ ယုံကြည်ထားပါတယ်၊ ဘယ်အရာမဆို အခက်အခဲတော့ ရှိပါတယ်၊ အခက်အခဲကို ကြောက်ရွံ့ခြင်းမရှိဘဲ သတ္တိရှိရှိနဲ့ ရင်ဆိုင်သွားရင် ဘာမဆိုအောင်မြင်နိုင်ပါတယ်” ဟု ပြောသည်။

 

မကွေးတိုင်းဒေသသကြီး ပခုက္ကူခရိုင် ပေါက်မြို့မှ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ ၂၀ဝ၈ ခုနှစ်ကတည်းက ရောက်ရှိကာ အထက (၂) ကြည့်မြင်တိုင် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုနေသူ မောင်ထင်လင်းအောင်က အဖြစ်ချင်ဆုံးဆန္ဒကို ယခုကဲ့သို့ ပြောသည်။ “အမြင်အာရုံ ချို့တဲ့သူတွေကို ပညာဝေမျှပေးနိုင်တဲ့ ကျောင်းဆရာ တစ်ယောက်ဖြစ်ချင်ပါတယ်၊ တွဲဖက်လုပ်ဆောင်ချက် တစ်ခုအနေနဲ့ လုပ်ရမယ်ဆိုရင် ကျွန်တော် audio engineer ဖြစ်ချင်ပါတယ်”

 

မောင်ထင်လင်းအောင်နေထိုင်သည့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် အမြင်အာရုံချို့တဲ့သူ ဘဝမှ ဆရာ ဆရာမအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်သူများ ရှိသလို့ ကျောင်းဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူများလည်း ရှိသည်။

 

မောင်ထင်လင်းအောင်က “ ကျွန်တော့် အသက် ၂၂ နှစ် ရှိပါပြီ၊ ၁၀ တန်းစာမေးပွဲကို အခုနှစ်မှ စဖြေတာပါ၊ ကျွန်တော်တို့ စာမေးပွဲဖြေတဲ့အခါ ကျွန်တော်တို့ထက် တစ်တန်းငယ်တဲ့ ကိုးတန်းက ကျောင်းသားကို အကူအညီတောင်းပြီး သူတို့ရဲ့ အကူအညီနဲ့ အတူတူဝင်ဖြေရပါတယ်၊ အခက်အခဲကတော့ သင်္ချာဆိုရင် လက္ခဏာမှားမှာ စိုးရိမ်တယ်၊ အင်္ဂလိပ်ဆိုရင် T နဲ့  D နောက် L ၊ M ၊ N လိုမျိုး စာလုံးပေါင်း မှားသွားမှာမျိုး တွေရှိနိုင်ပါတယ်၊ ဒါပေမဲ့ အခုဖြေတဲ့အခါမှာ ကျွန်တော်တို့ကို ကူညီပေးတဲ့ ကလေးတွေက တော်တော်လေး ကောင်းပါတယ်၊ ဒီနေ့က သင်္ချာဖြေရတယ်၊ ဖြေခဲ့တဲ့ သုံးရက်လုံးမှာ မြန်မာစာတော့ အားရပါတယ်။ အင်္ဂလိပ်စာမေးခွန်းက နည်းနည်းခက်ပေမယ့် ကျွန်တော် သေချာဂရုစိုက်ပြီး ဖြေခဲ့တော့ ဖြေနိုင်ပါတယ်။ သင်္ချာမေးခွန်းက လွယ်ပါတယ်၊ အကုန်လုံး မဖြေနိုင်ပေမယ့် အများစုကို ဖြေနိုင်အောင် ကြိုးစားခဲ့ပါတယ်”ဟု ပြောသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အမြင်အာရုံချွတ်ယွင်းသည့် ကျောင်းသား ကျောင်းသူများကို ကူညီဖြေဆိုရန် လူငယ်စေတနာ့ ဝန်ထမ်းများကို အခြေခံပညာဦးစီးဌာနမှ ၂၀၁၈ ခုနှစ်တွင် နဝမတန်း ဖြေဆိုထားပြီး သူများကို ခေါ်ယူ၍ စနစ်တကျ လေ့ကျင့်ပေးထားကြောင်း ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၏ ဒုတိယကျောင်းအုပ်ကြီး ဦးအောင်စိုးဝင်းထံမှ သိရသည်။

 

ဦးအောင်စိုးဝင်းက “ကလေးတွေကို ကူညီဖြေဆိုပေးတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေကို အခြေခံပညာ ဦးစီးဌာနကပဲ ရွေးချယ်တာပါ၊ ကိုးတန်းအောင်ပြီး ဒီနှစ် ၁၀ တန်းတက်မယ့် ကလေးတွေပါ၊ သင်္ချာဆိုလို့ ရှိရင်လည်း လက္ခဏာတွေ မမှားအောင်၊ အင်္ဂလိပ်စာဆိုလည်း စာလုံးပေါင်း အသံထွက်တွေကအစ မမှားအောင် သေချာလေ့ကျင့် ပေးထားပါတယ်” ဟု ပြောသည်။

 

အင်းစိန်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ နဝမတန်း ဖြေဆိုထားသူ မောင်ဉာဏ်အောင်လင်းက အမြင်အာရုံ ချွတ်ယွင်းသည့်မျက်မမြင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရာတွင် ကူညီဖြေဆိုပေးရသည့် ပီတီနှင့် အခက်အခဲကို ယခုလို ပြောပြသည်။ 

 

“အခက် အခဲအနေနဲ့ကတော့ ကျွန်တော်တို့အနေနဲ့ ဆယ်တန်းသင်္ကေတတွေကို မသိတာမျိုး ရှိပါတယ်၊ အဲတာတွေကိုလည်း ဆရာမတွေက ကြိုတင်သင်ကြားပေးထားတဲ့အတွက် အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ ဖတ်ပြလိုက်တဲ့ မေးခွန်းကို သူတို့က နားမလည်ဘူးဆိုရင် အခန်းစောင့် ဆရာမကို ဖတ်ပြခိုင်းလို့ ရပါတယ်၊ အခန်းစောင့် ဆရာမတွေထဲမှာ သင်္ချာဘာသာသင်တဲ့ ဆရာမတစ်ယောက် ထည့်ပေးထားတယ်။ အခုလို ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်၊ ဆယ်တန်းရဲ့ စာမေးပွဲ အတွေ့အကြုံလည်း အများကြီးရပါတယ်”

 

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူ ၁၂၁၃၅၈ ဦးရှိသော်လည်း သင်္ချာဘာရပ်သာ ဖြေဆိုသည့်နေ့တွင် ၁၁၁၃၂၃ ဦးသာရှိခဲ့ပြီး ၉၈၃၅ ဦး ပျက်ကွက်ခဲ့သည်။

 

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ အထက (၂)ကြည့်မြင်တိုင် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုနေသူ မဝေဇာခိုင်က “ဇာတိက နတ်မောက်ကပါ၊ ဒီရောက်တာ သုံးနှစ်ရှိပြီ၊ နယ်မှာတုန်းက အမြင်အာရုံမကောင်းတော့ ကျောင်းပြန်တက်လို့ ရတယ်ဆိုတာ မသိခဲ့ဘူး၊ ဒီကျောင်းရောက်တော့မှ လုံးဝမမြင်ရတဲ့သူတွေ ကျောင်းတက်တယ်၊ ကျောင်းပြန်နေလို့ ရတယ်ဆိုလို့ ကျောင်းပြန်တက်ဖြစ်တာပါ၊ အရင်က မျက်မမြင်ပညာရေး ရှိတယ်ဆိုတာကို မသိခဲ့ဘူး” ဟု ပြောသည်။

 

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူရှစ်ဦးတို့သည် ၂၀၁၇ နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲသို့ ရှစ်ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ခြောက်ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာနှင့် နှစ်ဘာသာ ဂုဏ်ထူးရှင်များလည်း ပေါ်ထွက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်ပင် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့သူ ခုနစ်ဦးရှိကာ အောင်မြင်သူသုံးဦးအနက် တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့သည်။

 

“ဒီမှာ ကျွန်တော် အားကျရတဲ့သူဆိုရင် ကျွန်တော်တို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ ပထမဆုံးစပြီး ၁၀တန်းအောင်ခဲ့တဲ့ ဆရာစိန်ဘထွေးနဲ့ ဆရာဇော်ထွေးဦးပဲ” မောင်ထင်လင်းအောင်တစ်ယောက် ၎င်းလေးစား အားကျရသူတွေကို ပြောပြရင်း ဆက်လက်ဖြေဆိုရမည့် စာမေးပွဲအတွက် ပြင်ဆင်ရန် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။

 

အမြင်အာရုံ ချွတ်ယွင်းနေသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် စိတ်အားထက်သန် လျက်ရှိကြသည့် ကျောင်းသား ကျောင်းသူများသည် ပညာရေးဖြင့် သူတို့ဘဝ၏ အလင်းရောင်ကို ထွန်းညှိနေကြသည့် အမှောင်တစ်ဖက်ခြမ်းမှ လူသားများပင်။
သတင်း-ရဲခေါင်၊ဇော်ကြီး
ဓာတ်ပုံ -ဖိုးဇော်