အမြန်လမ်း၌ တရားမဝင် သစ်များ တင်ဆောင်လာသော ယာဉ်တစ်စီး ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ်(၁၃၉) အနီး ထီးလှိုင် မောင်းတံဂိတ်၌ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက ယာဉ်တစ်စီးအား ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် ကျွန်းခွဲသားသစ်နှင့် ပျဉ်းကတိုး ခွဲသားသစ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထီးလှိုင်မောင်းတံဂိတ်၌ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း အောင်းဆန်းဝင်း(၃၄)  နှစ် အုတ်တွင်းမြို့နယ် ခပေါင်းဆည် နေထိုင်သူနှင့် ယာဉ်ပေါ်ပါ ဇော်မင်းနိုင်(၃၇)နှစ် ခပေါင်းဆည် အုတ်တွင်းမြို့နယ် နေသူတို့ လိုက်ပါလာသည့် ယာဉ်အမှတ် 3L/-----  Alphart အမျိုးအစား အဖြူရောင်ယာဉ်အား တောင်ငူခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းတင်  ဦးဆောင်၍ တောအုပ်ကြီး ဦးစောကိုလေးနှင့် သစ်တောဝန်ထမ်းများ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရာမှ ယာဉ်ပေါ်တွင် တရားမဝင် ကျွန်းသစ်ခွဲသား ၄၁ ချောင်း ၀ ဒသမ ၃၂၉၀ တန်၊ ပျဉ်းကတိုး သစ်ခွဲသား၂၉၈ ချောင်း ၀ ဒသမ ၅၇၃ တန် စုစုပေါင်း ၀ ဒသမ ၉၀၂၀ တန်အား သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ သစ်များမှာ အမြန်လမ်းမိုင်တိုင်အမှတ် ၁၃၂ အနီးမှ သယ်ယူလာခဲ့ပြီး တောင်ငူမြို့ ကန်တော်ဘက်သို့ သယ်ယူသွားမည်ဖြစ်ကြောင်း သစ်တောစစ်ဆေးချက် မှတ်တမ်းများအရ သိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 
ခင်ကို(ကျောက်တံခါး)