အမှန်တကယ်လိုအပ်သည့် အားကစားကွင်း တစ်ကွင်းကိုသာ အဆင့်မြှင့် အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ထည့်သွင်းလျာထားပြီးဖြစ်

ရန်ကုန်  ၂၃  မေ

 

အမှန်တကယ်လိုအပ်သည့် အားကစားကွင်း တစ်ကွင်းကိုသာ အဆင့်မြှင့် အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီးဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

 

“လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းအတွင်းရှိ မြမာလာ အ.လ.က ကျောင်းနှင့် မင်းရဲကျော်စွာလမ်းပေါ်ရှိ စိန်ဂျွန်း အ.ထ.က(၁) ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းတို့အနက် လွှတ်တော်ကိုယ်စားလှယ်ကြီးနဲ့ ညှိနှိုင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်၏ သဘောထားနှင့်အညီ အမှန်တကယ်လိုအပ်တဲ့ အားကစားကွင်းတစ်ကွင်းကိုပဲ ကျွန်တော်တို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ်မှာ အဆင့်မြှင့် အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ဘတ်ဂျက်မှာလည်း ထည့်သွင်းလျာထားပြီး ဖြစ်တယ်” ဟု ဦးနိုင်ငံလင်းက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာ၏ “လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းအတွင်းရှိ မြမာလာ အ.လ.ကကျောင်းနှင့် မင်းရဲကျော်စွာလမ်းပေါ်ရှိ စိန်ဂျွန်းကျောင်း အ.ထ.က(၁) ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းတို့ကို အဆင့်မြှင့် အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိကို” မေးမြန်းရာ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN