အမရပူရ၊ တာချီလိတ်၊ လှိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဇူလိုင်

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၉ ရက် နံနက် ၁၁ နာရီခန့်က အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာရှိ ကန်ပတ်လမ်း၊ နွားနို့ဆိုင်အနီးတွင် အောင်ကိုကိုထွေး (ခ) ကိုထွေး မောင်းနှင်လာပြီး မပပဖြိုး(ခ)ပူစူးမ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၇၅ ပြားကိုလည်းကောင်း။

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် တွေ့ရှိသူ ဇော်မိုးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ဟိုတယ်၌ တည်းခိုနေသော စမော(ခ)သက်ဟိန်းစိုး၏ အခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀၊ အိုက်စ် သုည ဒသမ ၀၁၂ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

ထို့အတူ ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး သွားကားလမ်းတွင် ခွန်တဟွန်း မောင်းနှင်လာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ ပြား၊ မြန်မာငွေကျပ် ၅၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

ရဲပြန်ကြား