အမုန်းစာရင်းပျိုးကာ လက်ဆောင်ပို့ခဲ့တဲ့ ကမ်ကာဒါးရှီးရန်း

ဟောလိဝုဒ်ကြယ်ပွင့် ကမ်ကာဒါးရှီးရန်းကတော့ သူနဲ့ အတိတ်ဆိုးတွေရှိခဲ့တဲ့သူတွေ၊ အတိတ် တစ်ချိန်ချိန်တုန်းက သူ့ကို မုန်းတီးခဲ့ဖူးသူတွေနဲ့ ဆက်ဆံရေး မပြေလည်တဲ့သူတွေကို စာရင်းပြုစုကာ သူတို့ဆီကို လက်ဆောင်တွေ ပေးခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကမ်ကာဒါးရှီးရန်းက သူ့အနေနဲ့ အမုန်းတရားတွေ ပွားခဲ့မိတဲ့သူတွေကို ဘယ်လောက် ကြာကြာမမေ့သေးကြောင်း သက်သေပြလိုက်တာ ဖြစ်ပါတယ်။ ကမ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဖြန့်ချိလိုက်ပြီဖြစ်တဲ့ ကမ်မိုဂျီအသည်းရနံ့နဲ့ အလှပြင်ပစ္စည်းအစုံကို လာမယ့် ချစ်သူများနေ့ လက်ဆောင်အဖြစ် ပို့ပေးမှာဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် မီဒီယာပေါ်ကနေ တစ်ဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

mdn

 

ဒီလို ထုတ်ဖော်မပြောမီမှာ ကမ်က သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ သူ့ကို တစ်ချိန်က အမုန်းကြီး မုန်းခဲ့ကြသူတွေရဲ့ အမည်တွေကို စတေကာ စက္ကူရောင်စုံတွေပေါ်မှာ ရေးကာ အစီအရီထားရှိ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။ ကမ်ရဲ့ စာရင်းမှာတော့ နာမည်ကျော်များစွာ ပါဝင်နေပြီး တေလာဆွစ်၊ ဂျနီဖာလောရန့်စ်စတဲ့ ဒိတ်ဒိတ်ကြဲတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

 

ယင်းဓာတ်ပုံရဲ့ အောက်မှာတော့ ကမ်ကာဒါးရှီးရန်းက လာမယ့် ချစ်သူများနေ့မှာတော့ သူ့ကိုချစ်ခင်ကြတဲ့ သူတွေရော၊ မုန်းနေကြတဲ့သူတွေဆီကိုပါ သူ့အနေနဲ့ လက်ဆောင်လေးတွေ ပေးပို့လိုတာကြောင်း ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ကမ်ရဲ့စာရင်းမှာ ပါဝင်နေကြသူတွေအနက် တေလာဆွစ်ကတော့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကမ်ရဲ့ ခင်ပွန်းဖြစ်သူ ကန်းရီဝက်စ်ထ်နဲ့ ဖုန်းအသံမှတ်တမ်းကိစ္စနဲ့ ပတ်သက်ပြီး အမုန်းမီးစခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ နောက်တစ်ဦးကတော့ တေးသံရှင် တစ်ဦးဖြစ်တဲ့ ဘလက်ဆိုင်ညာဖြစ်ပြီး သူဟာ ကမ်ရဲ့ယောက်မတော်ခဲ့ဖူးသူဖြစ်ပါတယ်။ မောင်ဖြစ်သူ ရော့ဘ်ကာဒါးရှီးရန်းနဲ့ ပတ်သက်ပြီး ဆက်ဆံရေး မပြေလည်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ နောက်ထပ် ကမ်ကို တိုက်ခိုက်ခဲ့သူ တစ်ဦးကတော့ ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘတ်ခမ်းနဲ့ နာမည်ကျော် ဒီဇိုင်နာတစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘတ်ခန်းတို့ရဲ့ သားဖြစ်တဲ့ ဘရွတ်ခ်လင်းဘတ်ခန်းရဲ့ ချစ်သူ မင်းသမီး ကိုးဂရေ့စ်မိုရက်ဇ် ဖြစ်ပါတယ်။ မင်းသမီးကတော့ ကမ်ရဲ့ အင်စတာဂရမ်ပေါ်မှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး သူ့ကို အဆိုးဘက်က ဝေဖန်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်ချစ်သူများနေ့မှာတော့ ကမ်ဆီက လက်ဆောင်ရရှိကြ မယ့်သူတွေထဲမှာ ဖော်ပြခဲ့တဲ့ ကြယ်ပွင့်တွေလည်း ပါဝင်နေတာဖြစ်တယ်လို့ ဟောလိဝုဒ် လိုက်ဖ်ဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

mdn

 

ကမ်က ဒီလိုလက်ဆောင်တွေ ပေးပို့သွားမှာဖြစ်ကြောင်း ထုတ်ဖော်လာခဲ့ပြီးနောက် မီဒီယာတွေက အမျိုးမျိုး ဝေဖန်ရေးသားခဲ့ကြကာ ကမ်ရဲ့ အမုန်းစာရင်းမှာ ပါဝင်ခဲ့ကြတဲ့ ကြယ်ပွင့်တွေကိုလည်း စာရင်းဖော်ထုတ်ခဲ့ကြပါတယ်။ ကမ်ရဲ့ မုန်းခြင်းကို ခံခဲ့ရတဲ့သူတစ်ဦးဖြစ်ကြောင်း မီဒီယာတွေရဲ့ ရေးသားဖော်ပြခြင်း ခံခဲ့ရသူ တစ်ဦးဖြစ်တဲ့ ဘလက်ဆိုင်ညာကတော့ ကမ်ရဲ့ လက်ဆောင်ပေးပို့မယ့် သတင်းနဲ့ပတ်သက်ပြီး ပထမဆုံးသော တုံ့ပြန်သူလည်း ဖြစ်ပါတယ်။ သူက ကမ်ကာဒါးရှီးရန်း အနေနဲ့ ဒီလိုလုပ်ဆောင်တာဟာ တမင်စတန့်ထွင်ခြင်းသာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

 

အေးပြည့်

စုစည်းသည်