အနာဂတ်အတွက် ခွန်အား

ကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက် သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာသောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ ကျောင်းသားထု အတွင်း ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ ကျောင်းသား လူငယ်များကို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြား ပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များတွင် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ပပျောက်ရေးကိစ္စများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ဆက်လက်ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမည်ဆိုသော သတင်းက နှစ်ထောင်းအားရ ဖွယ်ရာပင် ဖြစ်သည်။

 

ကျောင်းသားလူငယ်ထုအတွင်း မရှိသင့်မရှိထိုက်သော ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးတို့ ကင်းစင်ရေး၊ ကျောင်းသား လူငယ်များအတွင်း ရှိသင့်ရှိထိုက်သော ကျန်းမာရေးနှင့် ညီညွတ်သည့် ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးလာရေးအတွက် အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သွား မည်လည်းဖြစ်ရာ တစ်မျိုးသားလုံးက ကျရာကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက် ကြရမည်လည်းဖြစ်သည်။ ဦးဆောင်အကောင်အထည်ဖော်မည့် ပညာရေးဝန်ကြီးဌာနနှင့် လိုအပ် သည်တို့ကို ပံ့ပိုးကူညီပေးမည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အပြင် အခြားဆက်နွှယ် နေသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်တကွ ကျောင်းအသီးသီး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီးတို့မှ အုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီအသီးသီးနှင့် ကျောင်းသားသမဂ္ဂ၊ ဆရာ ဆရာမ သမဂ္ဂများ၏ အချိတ်အဆက်မိမိ၊ ထိထိရောက်ရောက်၊ စေတနာပါပါ ဆောင်ရွက်မှုများ လိုအပ်သလို ကာယကံရှင်ဖြစ်သည့် ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ၏ နားလည်မှုရှိရှိ ပူးပေါင်းပါဝင်မှုများက အဓိကကျမည်ဟု ယူဆမိသည်။

 

စင်စစ်အားဖြင့် လူငယ်များအတွင်း ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့မှာ အမူအကျင့်ဆိုင်ရာ ပြဿနာများဖြစ်ပြီး ပြုပြင်တည့်မတ်ပေးရန်မှာလည်း ပညာရှာမှီးရာ နယ်မြေ ကျောင်းပရိဝုဏ်များ၊ ပညာရေးအသိုက်အဝန်းများအကြားတွင် ခဲရာခဲဆစ်ဖြစ်ဖွယ်ရှိမည် မဟုတ်ဟူ ၍လည်း ရှုမြင်မိသည်။ ကျောင်းသူ ကျောင်းသားများ ကိုယ်တိုင်က ကျောင်းသို့လာရောက်၍ ပညာသင်ယူကြခြင်းသည် စာမေးပွဲအောင်ရုံ၊ ဘွဲ့လက်မှတ်တစ်ခု ရရုံမျှသာမဟုတ်ဘဲ မိမိတို့ တစ်ဦးချင်းစီ လျှောက်လှမ်း ကြရမည့် အနာဂတ်ဘဝခရီးအတွက် ကြိုတင်ပြင်ဆင်ဖြည့်ဆည်းကြခြင်း ဖြစ်သည်ကို ခံယူလာကြရေးအတွက် လမ်းညွှန်ပေးကြရမည်လည်းဖြစ်သည်။ ကျောင်းသင်ခန်းစာ များကိုသာမက မိမိတိုဝါသနာနှင့်ကိုက်ညီမည့် အသိပညာ၊ အတတ်ပညာများကို အမှန်တကယ် အသုံးချကာ အသက်မွေးဝမ်းကျောင်းပြုနိုင်သည်အထိ အားထုတ်ဆည်းပူးကြရမည့် အချိန် အခါတွင် အရက်၊ မူးယစ်ဆေး ရေစီးကြောင်းထဲမျောပါကာ ဘဝမပျက်ကြစေဖို့၊ နိမ့်ကျသည့်အခြေအနေသို့ ရောက်ရှိမသွားကြစေဖို့ ဂရုပြုကြရမည် ဖြစ်သည်။

 

မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် လူငယ်ထုကို အနာဂတ် နိုင်ငံတော်အတွက် တန်ဖိုးမြင့်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာအောင် မဖြစ်မနေပြုစုပျိုးထောင်ရမည့် အချိန်အခါဖြစ်သည်။ လာမည့် ၁၅ နှစ်တာကာလတွင် မြန်မာနိုင်ငံ၏ အလုပ်လုပ်ကိုင်နိုင်မည့် လူဦးရေသည် နိုင်ငံ့လူဦးရေ၏ ၆၇ ရာခိုင်နှုန်းထိ ရောက်ရှိလာမည်ဟု ခန့်မှန်းမှုများရှိရာ အဆိုပါ အင်အားသည် နိုင်ငံတည်ဆောက် ရေးအတွက် အင်အားများသာ ဖြစ်ရမည်ဖြစ်ပြီး လမ်းချော်သွားမည့် အင်အားများ၊ ယုတ်လျော့သွား မည့် အင်အားများ၊ အဟောသိကံဖြစ်သွားမည့် အင်အားများ ဖြစ်မသွားသင့်။ တန်ဖိုးမြင့် လူစွမ်းအား အရင်းအမြစ်ကြီး၏ ဆန္ဒခွန်အား၊ စိတ်ဓာတ်ခွန်အား၊ ဝီရိယခွန်အား၊ ပညာခွန်အားတို့ဖြင့် အနာဂတ် နိုင်ငံတော်ကြီးကို မြင့်မားလှပစွာ တည်ဆောက်နိုင်ပါစေကြောင်း။

မြန်မာ့အလင်း