အနာဂတ်အတွက် ပြောင်းလဲမှုဖြင့် ကျော်ဖြတ်

မြန်မာနိုင်ငံတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို KG + 12 စနစ်သစ် ပညာရေး သင်ရိုးညွှန်းတမ်းဖြင့် ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော် လျက်ရှိရာ ၂၀၂ ခုနှစ်တွင် အခြေခံပညာအတန်းအားလုံး ပြီးစီးမည်ဖြစ် သည်။ ကျောင်းသား ကျောင်းသူများအား ဒါသင်၊ ဒါကျက်၊ ဒါဖြေစနစ်မှ စဉ်းစားတွေးခေါ်မှုဉာဏ်ရည် မြင့်မားစေသော ပညာရေးစနစ်ကို ပြောင်းလဲ ဖော်ဆောင်နေသည်။

ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် အထွေထွေ ဉာဏ်ရည်အပြင် ကလေးသူငယ်များအား များစွာအထောက်အကူပြုမည့် ပေါင်းသင်းဆက်ဆံရေးဉာဏ်ရည်ပါ လိုအပ်သည်ဟု ပညာရှင်များက ဆိုထား သည်။ လေ့လာသင်ယူလိုမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံ တတ်မှု၊ သင်ယူနိုင်သည့် အရည်အသွေး၊ ယခင်ရှိပြီးသားအသိ၊ စိတ်တည်ငြိမ် ရင့်ကျက်မှု၊ မိသားစုထောက်ပံ့မှု စသည့်အချက်များကို စိတ်ပညာရှင်များက - ပေါင်းသင်းဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုကို ဉာဏ်ရည်ထဲတွင် ထည့်သွင်းထားသည်။ ကလေးငယ်တစ်ဦးဖွံ့ဖြိုးရေးရာခိုင်နှုန်းတွင် အထွေထွေ ဉာဏ်ရည်ကို ၂၅ ရာခိုင်နှုန်းနှင့် ပေါင်းသင်းဆက်ဆံရေးဉာဏ်ရည်ကို ၇၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

အထွေထွေဉာဏ်ရည်သည် ကျောင်းသား ကျောင်းသူများ ကျောင်းတွင်ရလာနိုင်သည့် ပညာရည်အဆင့်ကိုသာ ခန့်မှန်းနိုင်သည်။ ပေါင်းသင်း ဆက်ဆံရေးဉာဏ်ရည်မှာ ပညာရည်အဆင့်ကိုသာမက ဘဝတွင်ရရှိလာမည့် အပြုအမူများကိုပါ ကြိုတင်ခန့်မှန်းနိုင်ပြီး ဘဝအတွက်လိုအပ်သည့် ဉာဏ်ရည်ကိုပါ တစ်ပါတည်း ရရှိနိုင်မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ ပညာသင်ကြားရာတွင် အထောက်အကူပြုမည့် ပေါင်းသင်းဆက်ဆံရေးဉာဏ်ရည်သည် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါသည့်အချက်ဖြစ်သောကြောင့် ယင်းကို နိုင်ငံများ၏ ပညာရေးစနစ်တွင် အလေးထားဖော်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖော်ဆောင်လျက် ရှိပြီး နှစ်အလိုက် အတန်းအလိုက် ပညာရေးစနစ်ကို ပြောင်းလဲရာတွင် KG နှင့် ပထမတန်းတွင် ပေါင်းသင်းဆက်ဆံရေးဉာဏ်ရည်ကို ကျောင်းသားကျောင်းသူ ကလေးငယ်များတွင် ခိုင်မာအားကောင်းစွာ ရရှိနိုင်ရေးအတွက် ဖွံ့ဖြိုးရေးဘာသာရပ်အဖြစ် ထည့်သွင်းပေးထားပြီး လက်တွေ့သင်ကြားပေး လျက်ရှိသည်။ အရေးကြီးသည်မှာ ကျောင်းသားမိဘများ၏ ပညာရေး စနစ်သစ်အပေါ် ယုံကြည်မှု၊ စိတ်ပါဝင်စားမှု၊ လိုက်နာနိုင်မှု၊ ပူးပေါင်းပါဝင် နိုင်မှုရရှိရေးအတွက် အဆိုပါအတန်းသင် ဆရာ ဆရာမများ၏ နည်းစနစ်ကျန မှန်ကန်မှု၊ ကြိုးစားအားထုတ်သင်ကြားပေးမှုတို့ လိုအပ်ပါသည်။

အခြေခံပညာကျောင်းအားလုံးတွင် အဆိုပါဘာသာရပ်များကို သင်ကြားပေးသည်မှန်သော်လည်း အချို့ကျောင်းများတွင် လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်သည်။ စနစ်ဟောင်းပညာရေးစနစ်တွင် စာမေးပွဲရမှတ်ဖြင့် သာ ကျောင်းသားအရည်အသွေးကို တိုင်းတာခဲ့သည်ဖြစ်၍ အထွေထွေ ဉာဏ်ရည် အသုံးချမှုတွင်အားသာပြီး ဒါသင်၊ ဒါကျက်၊ ဒါဖြေစနစ်ဖြင့် အဆင့်သတ်မှတ်ပြီး စာမေးပွဲအောင်မြင်ခဲ့ကြသည်။ စနစ်သစ်ပညာရေးစနစ်တွင် အထွေထွေဉာဏ်ရည်သာမက ပေါင်းသင်းဆက်ဆံရေးဉာဏ်ရည် အတွက်ပါ ဖော်ဆောင်လာခဲ့ရာ တိုးတက်မှုများရရှိလာပြီး လတ်တလောတွင် လိုအပ်ချက်များ ရှိနေမည်ဖြစ်သည်။

စနစ်သစ်ပညာရေးစနစ်တွင် ပေါင်းသင်းဆက်ဆံရေးဉာဏ်ရည်ကို ဦးစားပေးဖော်ဆောင်ထားပြီး ပေါင်းသင်းဆက်ဆံရေးဉာဏ်ရည် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများတွင် ဖွံ့ဖြိုးရေးဘာသာ ရပ်အဖြစ် ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယ၊ အိမ်တွင်းမှု၊ စိုက်ပျိုးရေး စသည့်ဘာသာရပ်များကို သင်ကြားပေးနိုင်ရန် ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖော်ဆောင်နေခြင်းသည် အနာဂတ်မျိုးဆက်သစ်များ၏ဘဝအတွက်သာမက နိုင်ငံတော်၏ အနာဂတ် အတွက်ပါ ပိုမိုတောက်ပြောင်လာအောင် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်ရာ မိဘ၊ ဆရာများက လက်တွဲပူးပေါင်းပြီး အပြောင်းအလဲတစ်ခုကို အောင်မြင်စွာကျော်ဖြတ်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါကြောင်း။