အနာဂတ်ကာလတွင် ဖုန်းဆင်းမ်ကတ်များကို ISIM အဖြစ် ဖုန်းအတွင်းထည့်သွင်းသွားနိုင်ဖွယ်ရှိ

၄   မတ်

 

ယနေ့ကာလတွင် ဖုန်းဆင်းမ်ကတ်များကို အသေးဆုံး Nano ကတ်အရွယ်အစားအထိ ထည့်သွင်းအသုံးပြုနေကြပြီး နောက်ပိုင်း ကာလများတွင် စမတ်ဖုန်းများ၏အတွင်းပိုင်းနေရာ ပိုမိုရရှိစေရန် ဆင်းမ်ကတ်များကို iSIM အဖြစ် ဖုန်းအတွင်း ထည့်သွင်းအသုံးပြုလာနိုင်ဖွယ်ရှိကြောင်းသိရသည်။

 

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းထုတ်လုပ်လိုက်သည့် စမတ်ဖုန်းအချို့တွင် eSIM ဟုခေါ်ဆိုသော ဖုန်းဆင်းမ်ကတ် တစ်မျိုးကို ထည့်သွင်းအသုံးပြုလာသည်ကိုတွေ့မြင်ရသော်လည်း အချို့စမတ်ဖုန်းအများစုမှာ eSIM ကို ထည့်သွင်းနိုင်ရန် စမတ်ဖုန်းများကို စမ်းသပ်နေဆဲဖြစ်သည်။ ယခု iSIM မှာ ပိုမိုနေရာယူသက်သာနိုင်ဖွယ်ရှိကာ စမတ်ဖုန်း၏ ပရိုဆက်ဆာ နေရာတွင် ထည့်သွင်းပေးထားမည်ဟု ဆိုသည်။ ထို့ကြောင့် ဖုန်းဆင်းမ်ကတ်ကို သီးသန့်နေရာပေး စရာမလိုဘဲ ၎င်းနေရာတွင် အခြားနည်းပညာ ပစ္စည်းများကို ထည့်သွင်းတပ်ဆင် နိုင်သောကြောင့် စမတ်ဖုန်းများပိုမို ကောင်းမွန်လာနိုင်မည် ဖြစ်သည်ဟုသိရသည်။

 

အဆိုပါ iSIM များထုတ်လုပ်ရန်အတွက် ARM နည်းပညာလုပ်ငန်းစုမှ ဒီဇိုင်းဖန်တီးထားပြီး စမတ်ဖုန်း၏ ပရိုဆက်ဆာနှင့်အတူ တစ်စတုရန်း မီလီမီတာခန့်သာ နေရာပိုယူမှုရှိနိုင်မည်ဟုသိရသည်။ လာမည်နှစ်များတွင် အော်ပရေတာများမှ ဆင်းမ်ကတ်များအတွက် စိတ်ပူနေရန် မလိုအပ်တော့ဘဲ ချိတ်ဆက်မည့်ကွန်ရက်နှင့် iSIM တို့ကို အဆင်ပြေစွာ ချိတ်ဆက်ပေးသွားနိုင်လိမ့်မည်ဟုမျော်လင့်ပြီး iSIM အား အဓိကထားထုတ်လုပ်လိုခြင်းမှာ အင်တာနက် အသုံးပြုသည့် စမတ်ဖုန်းများကို ပိုမိုကောင်းမွန်စေရန် ဒီဇိုင်းဖန်တီးထားသည်ဟု သိရသည်။ အဆိုပါ iSIM များ၏ ဒီဇိုင်းပုံကြမ်းနှင့် ထည့်သွင်းတပ်ဆင်မည့် အနေအထားများကိုလည်း ပူးပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းများထံ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ARM မှ ဆိုသည်။

 

ယနေ့ကာလတွင် စမတ်ဖုန်းလောက၌ အပြိုင်အဆိုင်နည်းပညာမြင့်မားစွာထုတ်လုပ်လာကြသည့်အတွက် ယခင်က ထည့်သွင်းပေးထားကြပြီး ယခုအခါ နည်းပညာအဆင့်အတန်း ပိုမိုမြင့်မားလာသည့်အတွက် နားကြပ်ပေါက်နှင့် ဆင်းမ်ကတ်နေရာကဲ့သို့ နေရာပိုများကို ဖယ်ရှားလိုက်ခြင်းဖြင့် စမတ်ဖုန်းများတွင် အခြားနည်းပညာအထောက်ကူ ပစ္စည်းများ ထပ်မံထည့်သွင်းနိုင်မည် ဖြစ်သောကြောင့်ဟု ဆိုသည်။

 

ALEX