အနာဂတ်ကြယ်ပွင့်များ၏ ရည်မှန်းချက်နှင့် ဝမ်းသာပီတီစကားသံများ

မောင်ထက်မြတ်မင်းထွန်း(ခြောက်ဘာသာဂုဏ်ထူးရှင်၊ အထကလေ့ကျင့်ရေး၊ ကမာရွတ်) 
(မြန်မာတစ်နိုင်ငံလုံး စတုတ္ထ)

အမှတ်ပေါင်း ၅၅၀ ရရှိတဲ့သုံးယောက်ထဲမှာ ကျွန်တော်က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဆင့်(၄) ရရှိခဲ့ပါတယ်။ ဒီအဆင့်ကို ရရှိခဲ့တဲ့အတွက် မိဘတွေရဲ့ဂုဏ်၊ဆွေမျိုးတွေရဲ့ဂုဏ်၊ ဆရာသမားတွေရဲ့ဂုဏ်၊ ကျောင်းရဲ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ နှစ်စကနေ နှစ်ဆုံးအထိ တစ်နှစ်ပတ်လုံး စာကိုပဲတစိုက်မတ်မတ်နဲ့ ကြိုးစားခဲ့ပါတယ်။ ကိုယ်လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေရှိပေမယ့် အဲဒါတွေကို တစ်နှစ်လောက် ခဏမေ့ထားပြီး တစ်နှစ်ပတ်လုံးလုပ်သင့်တာကိုပဲ လုပ်ခဲ့ရတယ်။ အတန်းတိုင်းမှာ အဆင့် (၁)ကနေ (၁၀)အတွင်း ဝင်ပါတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့် ထူးချွန်ဆုတွေ ရခဲ့ပါတယ်။ သုံးထပ်ကွမ်းဆုတွေလည်း ရရှိခဲ့ပါတယ်။ မိဘတွေကလည်းတစ်နှစ်ပတ်လုံး လိုအပ်တဲ့အရာတွေအားလုံးကို ဖြည့်ဆည်းပေးပါတယ်။ ဆရာ ဆရာမတွေကလည်း စိတ်ရှည်ရှည်နဲ့ လမ်းညွှန်သင်ကြားပေးခဲ့ပါတယ်။ ဆရာသမား၊ မိဘတွေရဲ့ကျေးဇူးကြောင့်ပဲ ဒီအဆင့်ကိုရရှိခဲ့တာပါ။ ရည်မှန်းချက်ကတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်တက်ချင်ပါတယ်။ နိုင်ငံခြားထွက်ဖို့လည်း အစီအစဉ်တွေရှိပါတယ်။ နိုင်ငံတော်အတွက်လည်း လိုအပ်တဲ့ဘက်က အမြဲဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါပဲ။ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ညီငယ်၊ ညီမငယ်တွေအနေနဲ့ အမြဲကြိုးစားပါ။ ကိုယ်ဖြစ်ချင်တာတွေရှိပေမယ့်လည်း အဲဒါတွေကိုခဏမေ့ထားပြီး ဖြစ်သင့်တာကိုလုပ်ပါ။ ရှေ့ကလူတွေထက် ပိုကြိုးစားကြပါ။ ထူးချွန်အောင်လုပ်ကြပါ။ ဒါမှလည်းကျွန်တော်တို့ နိုင်ငံကြီး တိုးတက်ဖွံ့ဖြိုးအောင်မြင်လာမှာပါ။ ပညာရေးစနစ်တွေ ပြောင်းလဲလာတဲ့အတွက်လည်း နောင်လာ နောက်သားတွေအတွက် အများကြီးအကျိုးရှိမှာပါ။

 

မောင်အောင်ဖုန်းပြည့် (ခြောက်ဘာသာဂုဏ်ထူးရှင်၊ အထကလေ့ကျင့်ရေး၊ ကမာရွတ်)
(မြန်မာတစ်နိုင်ငံလုံး ပဉ္စမ)

အမှတ်ပေါင်း ၅၅၀ ရရှိတဲ့သုံးယောက်ထဲမှာ ကျွန်တော်က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့်(၅) ရရှိခဲ့ပါတယ်။ ကျောင်းစတက်တုန်းကတော့ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးစာရင်းမှာ ဝင်ရမယ်လို့ မမျှော်မှန်းခဲ့ပါဘူး။ ခြောက်ဘာသာ ဂုဏ်ထူးထွက်ရမယ်လို့တော့ ရည်မှန်းချက်ထားခဲ့ပါတယ်။ ပုံမှန်ပဲ ကြိုးစားခဲ့တာပါ။ အချိန်ဇယားဆွဲပြီးလုပ်တာတော့ မရှိပါဘူး။ တစ်နေ့စာတစ်နေ့လုပ်တယ်။ အတန်းတိုင်း မှာတော့ ကျောင်းတွင်းအဆင့်၊ မြို့နယ်အဆင့် ၁၊ ၂၊ ၃ ဝင်ခဲ့တာရှိပါတယ်။ အခုလို အောင်စာရင်းထွက်တဲ့အချိန် အမှတ်အများဆုံး စာရင်းမှာပါလာခဲ့တော့ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။ ငယ်စဉ်ကတည်းက သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဆရာ ဆရာမ တွေက နှစ်စကနေပြီးတော့ နှစ်ဆုံးတဲ့အထိ လိုအပ်ချက်လစ်ဟာမှုမရှိအောင် ကူညီပံ့ပိုး သင်ကြားပြသ ပေးခဲ့ပါတယ်။ မိဘတွေအနေနဲ့လည်း လိုလေသေးမရှိအောင် ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးကအစ အားလုံးလုပ်ပေးခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ ရည်မှန်းချက်က အင်ဂျင်နီယာကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ အင်ဂျင်နီယာကောင်း တစ်ယောက် ဖြစ်လာပြီဆိုရင်လည်း ကိုယ့်နိုင်ငံအတွက် တိုက်တာအဆောက်အအုံ၊ လမ်း၊ တံတားတွေ ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ကိုယ်တတ်တဲ့ပညာနဲ့ အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်သွားမှာပါ။ ညီငယ်၊ ညီမငယ်တွေ အတွက်လည်း နှစ်စကနေ နှစ်ဆုံးအထိ စာတွေကိုကြိုးစားကျက်မှတ်ပါ။ မေးခွန်းတွေကိုလည်းသေချာဖတ်ပြီး စိတ်အေးအေးထား ဖြေဆိုပါ။ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ဘာသာတရားကိုလည်း မမေ့ပါနဲ့။ မိဘ ဆရာသမားတွေကိုလည်း မပစ်မှားဘဲ နေ့စဉ်နေ့တိုင်းရှိခိုးကန်တော့ဖို့ အကြံပေးချင်ပါတယ်။ ပညာရေးစနစ် တွေလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီဖြစ်တဲ့အတွက် နောင်လာမယ့် ညီငယ်၊ ညီမငယ်တွေအတွက် အများကြီး အကျိုးရှိမှာပါ။

 

မမေဖြူစင်ဝင်း (ခြောက်ဘာသာဂုဏ်ထူးရှင်၊အထက-၃၊ ဗိုလ်တထောင်)
(မြန်မာတစ်နိုင်ငံလုံး နဝမ)

အမှတ်ပေါင်း ၅၄၈ မှတ် ရရှိတဲ့သုံးယောက်ထဲမှာ ညီမက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့်(၉) ရရှိခဲ့ပါတယ်။ အဲဒီလိုရလိမ့်မယ်လို့တော့ မထင်ထားဘူး။ ပြောမပြတတ်အောင် ပျော်ပါတယ်။ စာက မောင်ထက်မြတ်မင်းထွန်း မောင်အောင်ဖုန်းပြည့် မမေဖြူစင်ဝင်းတော့ ပုံမှန်လုပ်တယ်။ အချိန်ဇယားတော့ မဆွဲခဲ့ဘူး။ လိုအပ်တာကို အတိုးအလျှော့လုပ်ပြီး ကြိုးစားတယ်။ ကျောင်းပုံမှန်တက်တယ်။ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုကောင်းမွန်လို့လည်း ဒီဆုကိုရခဲ့တာပါ။ ငယ်ငယ်ကတည်းက သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အမြဲတမ်း ဂါရဝထားပါတယ်။ မိဘတွေကလည်း အစစအရာရာ ဂရုစိုက်ပေးတယ်။ ကျန်းမာရေးကောင်းမွန်အောင် အစားအသောက်ကအစ အာဟာရရှိတာတွေ ကျွေးတယ်။ နေမကောင်းမဖြစ်အောင် ဂရုစိုက်ပေးပါတယ်။ စာနဲ့ပတ်သက်ပြီး ဖိအားပေးတာမျိုးတော့ မရှိပါဘူး။ ကိုယ့်ဘာသာ ပုံမှန်ကြိုးစားခဲ့ပါတယ်။ မသိတာရှိရင်တော့ ရှင်းပြပေးပါတယ်။ လမ်းညွှန်ပေးပါတယ်။ ငယ်ငယ်ကတည်းက အတန်းတိုင်းမှာ ပထမရခဲ့ပါတယ်။ စာစီစာကုံး ထူးချွန်ဆုတွေလည်း ရခဲ့ဖူးပါတယ်။ ရည်မှန်းချက်ကတော့ ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ ဒီနှစ်က မေးခွန်းပုံစံတွေပြောင်းထားတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် မောင်ငယ်၊ ညီမတွေအတွက် မေးခွန်းပုံစံကို နားလည်အောင်လုပ်ပြီး စာတွေကို ပုံမှန်လုပ်ပါ။ စာတွေလုပ်ရတာများပေမယ့် ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ အိပ်ရေးဝဝအိပ်ရင် စာကျက်တဲ့နေရာမှာ လန်းဆန်းပြီး စာတွေပိုရပါတယ်။ တခြားအာရုံတွေ မထားဘဲနဲ့ စာကိုပဲတစိုက်မတ်မတ်လုပ်ပါ။ ဆရာ ဆရာမတွေရဲ့သင်ကြားမှုကိုလည်း သေချာလိုက်နာမှတ်သားပါ။ ရိုသေလေးစားမှုလည်းထားပါ။အဲဒါဆိုရင် ကိုယ်ရည်မှန်းတဲ့ပန်းတိုင်ကို အောင်မြင်မှုတွေနဲ့အတူ ရောက်ရှိမှာပါ။

တွေ့ဆုံမေးမြန်း-အေးမင်းသူ၊ ဇာနည်မောင်
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)