အနာဂတ်မှာခရီးသွားဖို့ EV ယာဉ်တွေစီးကြစို့   (၂ )

 

မောင်စိန်ဝင်း (ညောင်ခါးရှည်)

 

စပေ့အိတ်နှင့် တက်စလာကုမ္ပဏီ တည်ထောင်သူ အီလွန်မတ်နှင့်အလီဘာဘာကုမ္ပဏီ တည်ထောင်သူ ဂျက်မားတို့နှစ်ဦး ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ထိုစဉ်က ခေတ်စားနေသည့် ဒီဘိတ်တစ်ခုတွင် တွေ့ကြသည်။ အီလွန်မတ်က အနာဂတ်ဝါဒီတစ်ဦး (Futurist) ဖြစ်ပြီး အာကာသထဲတွင် လူများသွား ရောက်နေထိုင်ရန် လုံ့လပြုနေသူဖြစ်သည်။ ဒီဘိတ်တွင် အီလွန်မတ်က “ငါတို့စိတ်ကို အာကာသ Making Consciousness Multiplanetary အထိ တိုးချဲ့ဖို့ပါပဲ။  နိုင်ငံဂျီဒီပီရဲ့ တစ်ရာခိုင်နှုန်းလောက် ကို သုံးပြီး သုတေသနတွေ လုပ်ဖို့လိုတယ်။ ငါတို့ တက်စလာကနေ လျှပ်စစ်ကားတွေ ထုတ်ဖို့လုပ်နေ တယ်။ ဆိုလာကို လိုအပ်လာတယ်၊ ရေရှည်တည်တံ့မယ့် စွမ်းအင်တစ်မျိုးလိုမယ်။ တရုတ်က တက်စလာ ကုမ္ပဏီခွဲဟာ တော်တော်အလုပ်လုပ်နိုင်တယ်၊ အဲဒါကို  တကယ်ချီးကျူးတယ်။ တရုတ်ဟာ  အနာဂတ် ပါပဲဟု ပြောကြားခဲ့သည်။

 

လျှပ်စစ်ကား ရောင်းအားအကောင်းဆုံးနေရာကို ရယူထား

 

အီလွန်မတ်၏ တစ်ချိန်ကပြောခဲ့သည့် ဟောကိန်းမှန်ခဲ့သည်။ လျှပ်စစ်ကားကို တက်စလာ ကုမ္ပဏီက စတင်ခဲ့သော်လည်း တရုတ်ကုမ္ပဏီတစ်ခု ဖြစ်သည့် BYD က တက်စလာကုမ္ပဏီကိုကျော်ပြီး ယနေ့ကာလတွင်  လျှပ်စစ်ကားရောင်းအား အကောင်းဆုံး နံပါတ်တစ်နေရာကို  ရယူထားနိုင်ခဲ့ခြင်းက သက်သေခံနေသည်။ BYD  (Build Your Dreams) သည်  တရုတ်နိုင်ငံတွင် လျှပ်စစ်ကားများနှင့်  ဘက်ထရီများထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး BYD Tang၊ BYD Han နှင့်  BYD e6 အပါ အဝင် မတူညီသောမော်ဒယ်များစွာ ထုတ်လုပ်နေ ကြောင်းတွေ့ရသည်။  ယနေ့  ရေပန်းစားလူကြိုက် များပြီး နိုင်ငံတကာအထိ ပေါက်နေသည့် BYD  Atto 3 သည် ဘေးကင်းလုံခြုံမှု အကျိုးကျေးဇူး များစွာပါဝင်သည့်  နောက်ဆုံးပေါ်  3.0e platform ပေါ်တွင် အခြေခံထားပြီး  Euro NCAP စမ်းသပ်မှုတွင် 5 star အထိ  Rating  ရထားသည့်  Subcompact Crossover SUV  ကားတစ်စီးဖြစ်သည်။ Safety & Security System ပေါင်းများစွာအပြင်  BYD ၏  Dikink  Intelligent  Connection  System ကိုပါ ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။

လျှပ်စစ်သုံးယာဉ်များ၏ သမိုင်းကြောင်းကို လေ့လာပါက လောင်စာစွမ်းအင်သုံးယာဉ်များထက် စော၍ ပထမဦးစွာပေါ်ပေါက်လာခြင်းဖြစ်သော်လည်း ဘက်ထရီနည်းပညာ မဖွံ့ဖြိုးသေးခြင်း၊ လောင်စာဆီ များအား ဈေးနှုန်းသက်သာစွာဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်ခြင်းတို့ကြောင့်  လောင်စာဆီသုံး အင်ဂျင်ကားများကို အားပြုသုံးစွဲလာခဲ့ကြသည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိခဲ့ပြီးဖြစ်သည်။

 

ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက်လာ

 

နည်းပညာခေတ်ကြီးတွင် ဘက်ထရီနည်းပညာများ တိုးတက်လာသည့်အပြင် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ လျှပ်စစ်သုံးယာဉ်များ၏ အားသာချက်များဖြစ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိခြင်း၊ ကနဦးဝယ်ယူစရိတ်ကြီးမြင့်သော်လည်း နေ့စဉ်အသုံးပြုရာ၌ ကုန်ကျစရိတ်သက်သာခြင်း၊ မော်တာနှင့် ဘက်ထရီသာ အဓိကအသုံးပြုထား သဖြင့် ပြုပြင်ရမှုနည်းပါးခြင်း၊ ဘက်ထရီသက်တမ်း ကြာမြင့်လာခြင်း၊ အသံဆူညံမှုမရှိသဖြင့် မော်တော် ယာဉ်များကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံကို လျှော့ချနိုင်၍ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် စေခြင်းနှင့် စွမ်းအင်လုံခြုံမှုရှိခြင်းတို့ကြောင့် ယခုအခါတွင် လျှပ်စစ်သုံးယာဉ်များအား ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း  တွေ့ရသည်။

တရုတ်နိုင်ငံတွင် Public transport ကို ၂၀၁၇ ခုနှစ်တွင်  Shenzhen မြို့၌ စတင်နိုင်ခဲ့ကြောင်း  သိရသည်။ ၂၀၀၉ ခုနှစ်တွင် EV City Pilot အနေ ဖြင့် EV ၁၃ စီးနှင့် Shenzhen မြို့တွင် စတင်ခဲ့ပြီး နှစ်နှစ်အကြာ ၂၀၁၁ ခုနှစ် ကမ္ဘာ့ကျောင်းသား အားကစားပွဲတော် ကျင်းပချိန်တွင် 200 EV Buses နှင့် 300 E taxiများကို အသုံးပြုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် BUS ကုမ္ပဏီများကို  EV ထုတ်ကုမ္ပဏီများ က E bussesများနှင့် batteryများ ငှားရမ်းပေးခဲ့၍ အရင်းအနှီးသိပ်မများဘဲ EV busesများ ပြေးဆွဲနိုင် ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် EV buses  ၁၆၀၀၀၊ EV taxi ၂၃၀၀၀၊ Charging Station ၅၀၀၊ Charging Points ၅၁၀၀ ရှိလာပြီး  တစ်မြို့လုံး Public transport EV ဖြစ်လာခဲ့သည်။  ၂၀၁၇ ခုနှစ်တွင် Shenzhen ၌  ဌာနချုပ်ထားရှိသည့် BYD က ဂျပန်၊ ဥရောပ၊ အမေရိကန်နှင့် အခြားနိုင်ငံများရှိ မြို့ပေါင်း ၃၀၀ ကျော်သို့ EV busesများ တင်ပို့နိုင်သည်အထိ လျှပ်စစ်ကားများ၏ အခန်းကဏ္ဍမြင့်တက်လာ ကြောင်း တွေ့ရသည်။

 

စီမံချက်များချမှတ်၍ အကောင်အထည်ဖော်

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး  ဦးဆောင်ကော်မတီကို အမျိုးသားအဆင့်ဖွဲ့စည်း ခဲ့ပြီး လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ လျှပ်စစ်သုံးယာဉ်အသုံးပြုမှုအတွက် အခွန်/  အခ ကင်းလွတ်ခွင့်များ၊ အခြားသက်သာခွင့်များ ဖော်ဆောင်ပေးခြင်း၊ လိုအပ်သည့်အမိန့်ညွှန်ကြား ချက်များ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ အများသုံး Charging Stationများ တည်ဆောက် နိုင်ရေး စီမံချက်များချမှတ်၍  အကောင်အထည်ဖော် လျက်ရှိသည်။

၂၀၂၂ ခုနှစ်  ဇွန်လ ၇ ရက်နေ့တွင် လုပ်ငန်း ကော်မတီ ၅ ရပ်ဖြစ်သည့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒ၊ စံချိန်စံညွှန်းနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းရေးလုပ်ငန်းကော်မတီ၊ လျှပ်စစ် သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီး မြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ လျှပ်စစ်သုံး ယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်း ကော်မတီ၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

အမျိုးသားအဆင့်  လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီအနေဖြင့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒကိုရေးဆွဲထုတ်ပြန်ပြီးဖြစ်သည်။ မူဝါဒ၏ မျှော်မှန်းချက်အတိုင်း  ပြည်တွင်း၌ လျှပ်စစ်သုံး ယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ကနဦး ရှေ့ပြေးစီမံကိန်း (Pilot Project) ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ  ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံးယာဉ် ကဏ္ဍတွင် ဆောင်ရွက်လိုသည့်ကုမ္ပဏီများက တင်ပြသည့် အဆိုပြုလွှာများကို စိစစ်၍  လျှပ်စစ်သုံးယာဉ်များ  တင်သွင်းအသုံးပြုနိုင်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊  အများသုံး Level-3 အဆင့် Charging Stationများတည်ဆောက်နိုင်ရေး၊ After Sale Services  လုပ်ငန်းများကို အာမခံ စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းပြီး ခွင့်ပြုပေးလျက်ရှိသည်။

ဦးဆောင်ကော်မတီသို့ ကုမ္ပဏီပိုင်ရှင်များ  လာရောက်တွေ့ဆုံပြီး  ဆောင်ရွက်မည့်အစီအမံများ အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ်  စိစစ်ခွင့်ပြု ပေးလျက်ရှိရာ ခွင့်ပြုချက်ရရှိသည့် ကုမ္ပဏီများက လျှပ်စစ်သုံးယာဉ်များ၊ After Sale Services၊ Charging  Station တည်ဆောက်ရေးပစ္စည်းနှင့် အားသွင်း Chargerများ စသည့်လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အဆက်မပြတ် တင်သွင်းရောက်ရှိလျက် အစီအမံများအတိုင်း ဆောင်ရွက်လျက်ရှိသည်။

 

အခြေခံမူ (၁၈) ရပ်ကို ချမှတ်ဆောင်ရွက်

 

လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ၏ မျှော်မှန်းချက်များ ချမှတ်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ “Public Transpor-tation အတွက် ခရီးတိုအတွင်း ပြေးဆွဲသည့် လျှပ်စစ်ယာဉ်များ၊ လျှပ်စစ်ဘတ်စ်ကားများ တင်သွင်း  ထုတ်လုပ်အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ဆောင်ရွက်ရန် ဟူသော လမ်းညွှန်ချက်အရအခြေခံ မူ  (၁၈) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အခြေခံမူ (၁၈) ရပ်တွင် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ အားပေးမြှင့်တင် ဆောင်ရွက်ရေး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းမှု၊ ထုတ်လုပ်မှု၊ အသုံးပြုမှု၊ တင်ပို့မှုများအတွက် အခွန်နှင့်သက်ဆိုင်သော ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ချမှတ်ပေးရန်နှင့် အခွန်မဟုတ်သော အထူးအခွင့်အရေးများ ဖော်ဆောင်ပေးရေး၊ လျှပ်စစ်သုံးယာဉ် ထုတ်လုပ် သူများအား ထောက်ပံ့မှုများ ပံ့ပိုးကူညီပေးရေး၊ လောင်စာဆီသုံးယာဉ်များထုတ်လုပ်သည့် စက်ရုံများတွင် လျှပ်စစ်သုံးယာဉ်များ ထုတ်လုပ်နိုင်သည့် နည်းစဉ်များ ထည့်သွင်းတည်ဆောက်ရေး၊ ဒေသတွင်းနိုင်ငံများနည်းတူ ရေရှည်တွင် ပြည်တွင်း လျှပ်စစ်သုံးယာဉ် ထုတ်လုပ်သုံးစွဲမှုလုပ်ငန်းများ ဈေးကွက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်က လိုအပ်သောမူဝါဒများ ချမှတ်၍ ထိန်းညှိဆောင်ရွက်ရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လိုအပ်သောအခြေခံအဆောက်အအုံများ ဖြည့်ဆည်းတည်ဆောက်ရေး၊ လျှပ်စစ်သုံးယာဉ်နှင့် အားသွင်းစနစ်များအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်သက်ဆိုင်သည့် စံသတ်မှတ်ချက်များ၊ စည်းမျဉ်းများနှင့် လိုအပ်သည့် လမ်းညွှန်ချက်များ ကို ထုတ်ပြန်ပေးရေး၊ လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံများ တည်ဆောက်နိုင်ရေးနှင့် အသုံးပြု နိုင်ရေးတို့အတွက် လိုအပ်သည့်အမိန့်၊ ညွှန်ကြား ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ပေးရေး၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်းပေးမည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် စီးပွားရေးလုပ်ငန်းများအကြား ယှဉ်ပြိုင်မှု တိုးမြှင့်နိုင်ရေးနှင့် ရေ၊ နေ၊ လေနှင့် အခြားစွမ်းအင် အရင်းအမြစ်များမှရယူသည့် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်သည့်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရေး၊ လျှပ်စစ်အား ဖြည့်သွင်းရုံများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပုံမှန်စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ တီထွင်မှု နှင့် သုတေသနလုပ်ငန်းများ တိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးဆိုင်ရာ အသက်မွေး ဝမ်းကျောင်းပညာရပ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်း၊ ပြေးဆွဲခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို အမျိုးအစားအလိုက် သိမ်းဆည်းထားသိုသည့်စနစ် တည်ထောင် ဆောင်ရွက်ရေးနှင့် လိုအပ်ပါက အများပြည်သူ အသုံးပြုနိုင်ရေး အသိပေးထုတ်ပြန်နိုင်ရေး၊ ပြည်တွင်းတွင် လျှပ်စစ်သုံးယာဉ်နှင့် ဘက်ထရီ ထုတ်လုပ်သည့်နည်းပညာများ လွှဲပြောင်းရရှိရေး၊ လျှပ်စစ်သုံးယာဉ်အပါအဝင် ဘက်ထရီ၊ အားသွင်း စနစ်များနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး၊ ဘက်ထရီနှင့် အီလက် ထရွန်နစ်စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ရာတွင်လည်းကောင်း၊ ပြန်လည်အသုံးပြုရာတွင်လည်းကောင်း သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲခြင်း ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး၊ လျှပ်စစ်သုံးယာဉ်များ ပျက်စီး၍ သော်လည်းကောင်း၊ သက်တမ်းကုန်၍သော်လည်းကောင်း ဖျက်သိမ်းမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီး ဌာနများ၏လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး၊ အစိုးရဌာနဆိုင်ရာယာဉ်များ ဝယ်ယူရာတွင် လျှပ်စစ်သုံးယာဉ်များဖြစ်စေရန် အချိန်ကာလထားရှိပြီးဆောင်ရွက်ရေး၊ အဆင့်မြင့် နည်းပညာများဖြင့် တီထွင်ထုတ်လုပ်မည့် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်ရေး စသည်တို့ဖြစ်သည်။

 

ပြင်ဆင်ဖွဲ့စည်းခဲ့

 

မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးလာစေရေးအတွက် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီကို ဆက်စပ်ဝန်ကြီးဌာန ၁၀ ခုမှ အဖွဲ့ဝင် ၁၂ ဦးဖြင့် နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းတွေ့ရသည်။

ဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံတော်၏ EV ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်မူဝါဒများ ချမှတ်ခြင်း၊ လိုအပ်သည့်လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေး လမ်းညွှန်မှုပေးခြင်း၊ တင်သွင်းအသုံးပြုခြင်းမှ ရေရှည်တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အတွက် အကျိုးခံစားခွင့်များ၊ အထူးအခွင့်အရေးများ၊ သက်သာခွင့်များ ဖော်ဆောင်ပေးခြင်း၊ EV ယာဉ်များ တွင်ကျယ်စွာအသုံးပြုလာနိုင်ရေးအတွက် ဝန်းကျင်ကောင်းဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရေး၊ လူ့စွမ်းအားနှင့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် တာဝန်များ ခွဲဝေသတ်မှတ်ပြီးဖြစ်သည်။

ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုပုံဖော်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီငါးခုကို ဖွဲ့စည်းထားရှိရာ သက်ဆိုင်ရာ ဝန်ကြီးဌာန ငါးခုမှ Focal အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသည်။ လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ၊ စံချိန်စံညွှန်းနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ် ပြဋ္ဌာန်းရေး လုပ်ငန်းကော်မတီကို စက်မှုဝန်ကြီးဌာန ကလည်းကောင်း၊ လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်း ကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်းကောင်း၊ လျှပ်စစ်သုံး ယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်းကောင်း၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီကို ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်းကောင်း၊ လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီကို သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနကလည်းကောင်း Focal အဖြစ်ဆောင်ရွက်လျက် ရှိသည်။

 

လုံခြုံစိတ်ချအာမခံနိုင်သော ရင်းနှီးမြှုပ်နှံမှုစနစ်များ ဖော်ဆောင်

 

လျှပ်စစ်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းသည် နည်းပညာမြင့်မားသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် လုံခြုံစိတ်ချအာမခံနိုင်သော ရင်းနှီး မြှုပ်နှံမှုစနစ်များ ဖော်ဆောင်ပေးရန် လိုအပ်သည်။ ထုတ်လုပ်မှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှု အားပေး မြှင့်တင်သည့် ဦးစားပေးလုပ်ငန်းများတွင် ထည့်သွင်း ဆောင်ရွက်ခွင့်ပြုခြင်းဖြင့် အခွင့်အလမ်းကောင်းများ ဖော်ဆောင်ပေးနိုင်သည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ထုတ်လုပ်လာနိုင်ရေးအတွက် ရေရှည်မျှော်မှန်းချက် ထားရှိပြီး ယင်းကဏ္ဍဖွံ့ဖြိုးလာခြင်းနှင့်အတူ ဘက်ထရီ ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပြန်လည်အားသွင်း နိုင်မည့် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များ တည်ဆောက်ခြင်း လုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမည့်သူများကို အားပေးဆောင်ရွက်ရန် ဖြစ်သည်။ နိုင်ငံတော်၏ ဓနအင်အား၊ နည်းပညာများကို အခြေခံ၍ အဆင့်အလိုက် အကောင်အထည်ဖော်သည့်စနစ်ဖြင့် ဆောင်ရွက်ရန် ဖြစ်သည်။ ထုတ်လုပ် မည့်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲသူများ စိတ်ဝင်စားမှုမြင့်တက်လာပြီး ဈေးကွက်ဝေစုရရှိလာသည့်အချိန်တွင် လျှပ်စစ်သုံးယာဉ်နှင့်စပ်ဆိုင်သည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာ မည်ဖြစ်သည်။

လျှပ်စစ်သုံးယာဉ်များ၊ အားသွင်းစက် (Charger)များနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းထုတ်လုပ်လို ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ဦးဆောင် ကော်မတီသို့ အဆိုပြုလွှာများ တင်သွင်းရမည်ဖြစ် ပြီး အဆိုပြုလွှာတွင် ဆောင်ရွက်လိုသည့်လုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသည့် ပုံစံ၊ တင်သွင်းထုတ်လုပ်အသုံးပြုမည့်ယာဉ် သို့မဟုတ် Charger အမျိုးအစားနှင့် Brand၊ မူရင်း ထုတ်လုပ်သည့် ကုမ္ပဏီနှင့် ချိတ်ဆက်မှုအခြေအနေ၊ SKD/CKD စနစ်ထုတ်လုပ်နိုင်မှုအခြေအနေ၊၂၀၅၀ ပြည့်နှစ်အထိ ထုတ်လုပ်မှု Plan ဖြင့် ဆောင်ရွက်မည့် အစီ အစဉ်၊ ကုန်ပစ္စည်း၏ အရည်အသွေးပိုင်းဆိုင်ရာ အာမခံမှု၊ စံချိန်စံညွှန်းဆိုင်ရာ အချက်အလက်များ၊ အပိုပစ္စည်းရရှိမှုနှင့် After Sake Services အတွက် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ အများပြည်သူသုံး Level-2 သို့မဟုတ် Level-3 Chargerများ ပံ့ပိုး ပေးနိုင်မည့်အခြေအနေများစသည့် အချက်အလက် အပြည့်အစုံ တင်ပြရန်လိုအပ်ကြောင်း သိရသည်။

ဦးဆောင်ကော်မတီက လုပ်ငန်းဆောင်ရွက် ခွင့်ပြုလိုက်သည့် ကုမ္ပဏီများအနေဖြင့် သွင်းကုန် လိုင်စင်ရရှိရေးအတွက် သက်ဆိုင်ရာစံချိန်စံညွှန်း အထောက်အထားစာရွက်စာတမ်းများ ပေးပို့ လျှောက်ထားရာ၌ သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့်ကိုက်ညီမှု ရှိ/ မရှိကို လုပ်ငန်း ကော်မတီ (၁) က စစ်ဆေးပြီး တင်သွင်းခြင်းဆိုင်ရာ အထောက်အထားများအတွက် လုပ်ငန်းကော်မတီ (၂) က စစ်ဆေးမည်ဖြစ်သည်။

သတ်မှတ်ချက်နှင့်ကိုက်ညီပါက ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက လိုင်စင်ထုတ်ပေး မည်ဖြစ်သည်။ EV နှင့် ဆက်စပ်ပစ္စည်းများ၊ အပို ပစ္စည်းများ တင်သွင်းလာပါက အချိန်ကြန့်ကြာမှု မရှိစေရန်နှင့် အဆင်ပြေချောမွေ့စွာ ကုန်ပစ္စည်း ရှင်းလင်းထုတ်ယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည့် အချက်အလက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ BEV ယာဉ်များ တင်သွင်းမှု အတွက် မြေပြင်တွင် ကြိုတင်မျက်မြင်စစ်ဆေးခြင်း၊ ကိုက်ညီမှန်ကန်မှုရှိပါက အခွန်စည်းကြပ်ကောက်ခံခြင်းနှင့် ပစ္စည်းထုတ်ယူနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို လုပ်ငန်းစဉ်များအတိုင်း မြန်ဆန်စွာဆောင်ရွက် ပေးမည်ဖြစ်သည်။

လျှပ်စစ်စွမ်းအားအသုံးပြုသည့် မော်တော်ယာဉ်များ တင်သွင်းရောက်ရှိလာပါက ကနဦး ယာဉ်မှတ်ပုံတင် လုပ်ငန်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး သွင်းကုန်ပါမစ်၊ သွင်းကုန်ကြေညာလွှာ သို့မဟုတ် Release Order Notification၊ အကောက်ခွန်ဖော်ပြ ချက်၊ ကြိုတင်ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားစသည့် စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ အထောက်အထားပြည့်စုံပါက မော်တော်ယာဉ်မူသေအမှတ် သတ်မှတ်ပေးပြီး ဖောင်းကြွနံပါတ်ပြားဖိုးပေးသွင်း၍ ယာဉ်စစ်ဆေးခြင်း၊ ပေးသွင်းရမည့်အခငွေတွက်ချက်၍ ပိုင်ရှင်က ကနဦးမှတ်ပုံတင်ခပေးသွင်းပြီး မှတ်ပုံတင်စာအုပ် နှင့် သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

၁၉ နေရာရွေးချယ်ထား

 

မြန်မာနိုင်ငံတွင် ဦးဆောင်ကော်မတီ၏လမ်းညွှန်မှုဖြင့် Charging Station များတည်ဆောက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးတွင် ငါးနေရာနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်တွင် ငါးနေရာ စုစုပေါင်း ၁၉ နေရာရွေးချယ်ထားပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

တည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ် မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီဟု သိရသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး Charging Stationကို နေပြည်တော် သပြေကုန်းတွင် NPK Motor Co.,Ltd. က တည်ဆောက်ခဲ့ပြီး ၄ - ၃- ၂၀၂၃ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ Charging Station တွင် ယာဉ်ငယ် ၁၀ စီး အားသွင်းနိုင်သည့် 60Kw Charger ငါးတိုင်ပါဝင်ပြီး ကုမ္ပဏီ အနေဖြင့် Charging Station အပြင် လျှပ်စစ်သုံး Taxi အငှားယာဉ်ပြေးဆွဲခြင်းလုပ်ငန်းကိုလည်း စတင် ဆောင်ရွက်လျက်ရှိသည်။

mdn

အမြန်လမ်းမများရှိ Charging Stationများ တွင် ယာဉ်ငယ် ၁၀ စီး အားသွင်းနိုင်သည့် Charger ငါးတိုင်အပြင် ယာဉ်ကြီး လေးစီး အားသွင်းနိုင်သည့် 200 Kw Charger နှစ်လုံးစီပါဝင်မည်ဖြစ်သည်။ ထို့အပြင် နေပြည်တော်စည်ပင်ဧရိယာ၊ ရန်ကုန် စည်ပင်ဧရိယာနှင့် ရန်ကုန် - နေပြည်တော် အမြန် လမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် 60 Kw Charger ၅၁ လုံးတပ်ဆင်နိုင်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး သတ်မှတ်နေရာအကျယ်အဝန်း၊ Transformer အနေ အထားနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စသည့်လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်၍ မေလကုန်တွင် အပြီးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

Charging Stationများ တိုးချဲ့တည်ဆောက်ရန် ကြိုတင်လေ့လာ

 

ပထမအဆင့် Chargerများတပ်ဆင်ပြီးပါက ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွင်းနှင့် အမြန် လမ်းများတွင် လျှပ်စစ်သုံးယာဉ်များ ယုံကြည်စိတ်ချစွာအသုံးပြုလာနိုင်မည့် အနေအထားသို့ စီမံ ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို Pilot Project အနေဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး ဆက်လက်၍ အဓိကလမ်းမကြီးများ ဖြစ်သည့် ရန်ကုန်- မန္တလေး ပြည်ထောင်စုလမ်းမ ကြီး၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်- ပုသိမ်လမ်း၊ ဘုရားကြီး- သထုံ - မော်လမြိုင်လမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်း၊ မိတ္ထီလာ-တောင်ကြီးလမ်း၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်း စသည့် နိုင်ငံတော်၏ အသက်သွေးကြောလမ်းမများတွင် Charging Stationများ တိုးချဲ့တည်ဆောက်ရန် ကြိုတင်လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်သုံးယာဉ်များတွင်ကျယ်စွာ အသုံးပြုလာ နိုင်ရေးအတွက် Pilot Project အနေဖြင့် တည်ဆောက်မည့် Charging Stationများသို့ လက်ရှိ ဓာတ်အားရောက်ရှိသည့်နေရာမှ ၃၃ ကေဗွီ ဓာတ်အားလိုင်းများ တည်ဆောက်ရာတွင် ပေ ၁၀၀၀ နှင့် အထက်ဖြစ်ပါက ဝန်ကြီးဌာနက တာဝန် ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး ပေ ၁၀၀၀ အောက် ဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီက တာဝန်ယူ တည်ဆောက်ရမည်ဖြစ်သည်။ မိမိနေအိမ်သုံး Charger တပ်ဆင်အသုံးပြုရာ၌ လက်ရှိအသုံးပြု နေသည့် အိမ်သုံးမီတာဖြင့် နိုင်နင်းခြင်းမရှိသော ကြောင့် သီးခြားအိမ်သုံးအမျိုးအစားမီတာများ လာရောက်လျှောက်ထားပါက သုံးစွဲမည့်ဝန်အားကို စိစစ်၍ အိမ်သုံးအမျိုးအစား ဓာတ်အားခနှုန်းထား ဖြင့်ကောက်ခံမည့် သင့်တော်သည့်မီတာအမျိုး အစားများ အမြန်ဆုံးရရှိနိုင်ရေး တပ်ဆင်ပေးသွားမည်ဖြစ်သည်။ Charging Stationများတွင် တပ်ဆင် အသုံးပြုမည့် မီတာများ၊ ထရန်စဖော်များ တပ်ဆင်ခွင့်တောင်းခံလာပါက ဝန်ကြီးဌာနက အမြန်ဆုံး တပ်ဆင်ဆောက်လုပ်နိုင်ရေး ခွင့်ပြုပေး သွားမည်ဟု သိရသည်။

အားသွင်းရုံဆိုင်ရာပစ္စည်းများ၊ အားသွင်းစနစ် ဆိုင်ရာပစ္စည်းများ တင်သွင်း/ တင်ပို့မှုများနှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်များကို ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထောက်ခံပေးသွားမည် ဖြစ်သည့်အပြင် လျှပ်စစ်သုံးယာဉ်များကို လက်ရှိ သုံးစွဲလျက်ရှိသည့် အိမ်သုံးအမျိုးအစား Chargerများ အသုံးပြု၍အိမ် သို့မဟုတ် အဆောက်အအုံများတွင် အားသွင်းမည်ဆိုပါက လက်ရှိကောက်ခံလျက်ရှိသည့် အိမ်သုံးအမျိုးအစား ဓာတ်အားခ(အလွှာ) ဖြင့်သာ ကောက်ခံသွားမည်ဖြစ်သည်။ ပုဂ္ဂလိက Charging Stationများအတွက် ဓာတ်အားခ နှုန်းထားကို သတ်မှတ်ထားရှိပြီးဖြစ်သော အိမ်သုံး မဟုတ်သော/ စက်မှုသုံးနှုန်းထား (အလွှာ)များ အတိုင်း ကောက်ခံသွားမည်ဟုသိရသည်။

 

ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထား

 

လျှပ်စစ်သုံးယာဉ်များအတွက် သက်သာခွင့်၊ ကင်းလွတ်ခွင့်များ ခံစားနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများအလိုက် သတ်မှတ်ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဖြင့် ၁-၁၀-၂၀၂၂ ရက်နေ့မှစတင်၍ ဘက်ထရီလျှပ်စစ် ကား (Battery Electric Vehicle-BEV)ကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းများနှင့် ပြည်တွင်း၌ ဝယ်ယူရောင်းချခြင်းတို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်သည်။ ဘက်ထရီလျှပ်စစ်ကားတွင် တပ်ဆင်အသုံးပြုသည့် ဘက်ထရီများကိုလည်း ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းနှင့် ပြည်တွင်း၌ ဝယ်ယူရောင်းချခြင်းများအပေါ် ကုန်သွယ်လုပ်ငန်း ခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကင်းလွတ်ခွင့်ပြုနိုင်ရေး ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဟု သိရသည်။

အကောက်ခွန်ဦးစီးဌာန အနေဖြင့်လည်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများအတွက် အခွန်နှင့်ပတ်သက်သည့် သက်သာခွင့်အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂-၁၁-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉၀/၂၀၂၂ ဖြင့် ပြည်ပမှ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ် သုံးယာဉ် (Battery Electric Vehicle-BEV) အမျိုး အစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ပေးထားသည်။

အမိန့်ကြော်ငြာစာအရ အကျုံးဝင်သည့် Battery Electric Vehicle (BEV) အမျိုးအစားများ မှာ လမ်းပေါ်တွင်မောင်းနှင်နိုင်သည့် နောက်တွဲ ယာဉ်ကိုဆွဲသည့် ယာဉ်(Road tractor for Semi-trailer)၊ ယာဉ်မောင်းအပါအဝင် ၁၀ ဦး သို့မဟုတ် ၁၀ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ် (Bus) (Motor Vehicle for the transport of ten or more person including the driver)၊ ကုန်တင်ယာဉ် (Truck)၊ လူစီးယာဉ် (Motor Vehicle for the transport of person)၊ သုံးဘီးတပ်ယာဉ် (လူစီး) (Three-wheeled Vehicles for transport of person)၊ သုံးဘီးတပ် ယာဉ်(ကုန်တင်) Three-wheeled Vehicles for transport of Goods)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ် မော်တော်ဆိုင်ကယ် (Electric Motorcycle)၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး (Electric Bicycle)၊ လူနာတင်ယာဉ်(Ambulances)၊ ထောင်ကား (Prison vans)၊ နိဗ္ဗာန်ယာဉ် (Hearses)များဖြစ်ပြီး အထက်အပိုဒ်များပါ လျှပ်စစ်သုံးယာဉ်များနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် နည်းပညာဆိုင်ရာထောက်ခံ ချက်ပါရှိသည့် လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ် ပစ္စည်းများ (ဥပမာ-အားသွင်းရုံဆိုင်ရာပစ္စည်းများ၊ အားသွင်းစနစ်ဆိုင်ရာပစ္စည်းများ)နှင့် စက်မှုဝန်ကြီး ဌာန၏ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပါရှိသည့် ပူးတွဲစာရင်းပါ လျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်း (Spare Part)များဖြစ်သည်။ အမိန့် ကြော်ငြာစာသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကျိုး သက်ရောက်မည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက်လည်း ကင်းလွတ်ခွင့်ပြုနိုင်ရေး အမိန့်ကြော်ငြာစာ ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးယာဉ်များသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူပြုခြင်းကြောင့် မြန်မာနိုင်ငံတွင် အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် သတ်မှတ်ကောက်ခံသည့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကို လျှပ်စစ်စွမ်းအားသုံး မော်တော်ယာဉ်များအတွက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။ ကျန်ရှိသည့် Hybrid Electric Vehicles (HEVs) Plug-in Hybrid Electric Vehicles(PHEVs) ယာဉ်များကို မူဝါဒအရ လတ်တလော Pilot Project ကာလတွင် ခွင့်ပြုထားခြင်းမရှိဘဲ ခွင့်ပြုပါက အခြားလောင်စာဆီသုံး ယာဉ်များထက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ သက်သာခွင့်ပေးရန် လိုအပ်မည်ဖြစ်သဖြင့် အဆိုပါ လျှပ်စစ်သုံး ယာဉ်နှစ်မျိုး၏ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ချသတ်မှတ်ကောက်ခံနိုင်ရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဟုသိရသည်။

 

လမ်းတံတားအသုံးပြုခ ၁၀၀ ရာခိုင်နှုန်းဖြေလျှော့

 

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အနေဖြင့်လည်း ရန်ကုန် - မန္တလေး အမြန်လမ်းမ ကြီး၊ ဆောင်ရွက်နေသော လမ်း-တံတားများ၊ အခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ ပြည် နယ်လမ်းများ၌ လမ်း၊ တံတားများအားလုံးတွင် လျှပ်စစ်သုံးယာဉ်များ လမ်းတံတားအသုံးပြုခကို ၁- ၄- ၂၀၂၃ မှ ၃၁ - ၃ -၂၀၂၅ ရက်နေ့အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက် အရ ၁၀၀ ရာခိုင်နှုန်းဖြေလျှော့ပြီး အသုံးပြုခ ကောက်ခံခြင်းမပြုဘဲ ဖြေလျှော့ပေးသွားမည် ဖြစ်သည်။ လျှပ်စစ်သုံးယာဉ်များ လမ်း၊ တံတား အသုံးပြုခ ကင်းလွတ်ခွင့်ပြုရေးနှင့်စပ်လျဉ်း၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှ ယာဉ်မှတ်ပုံတင်စဉ် လျှပ်စစ်သုံး ယာဉ်ဖြစ်ကြောင်း သိသာထင်ရှားသည့် အမှတ်အသား (ကတ်ပြား) လိုင်စင်ကို တိုးဂိတ်များက စိစစ်ပြီး အသုံးပြုခကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများအနေဖြင့် လျှပ်စစ်သုံးယာဉ်များအပေါ် ၂၀၂၃-၂၀၂၅ ခုနှစ်အထိ ကနဦးမှတ်ပုံတင်သည့်ယာဉ်များအတွက် ၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ရပ်နားခနှင့် ပစ္စည်းခွန်များအပေါ်၌ အခွန်အခကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်သည်။

လျှပ်စစ်သုံးယာဉ်များတွင်ကျယ်စွာအသုံးပြုလာချိန်တွင် သက်တမ်းကုန်/ ပျက်စီးဘက်ထရီများ အား စနစ်တကျစီမံခန့်ခွဲရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လာမည် ဖြစ်သည်။ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီအနေဖြင့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးရှိ ဘက်ထရီ ထုတ်လုပ်မှုနည်းစနစ်နှင့် ဘက်ထရီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက် နိုင်ရေးအတွက် မူဝါဒများကို သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ရေးဆွဲလျက်ရှိသည်။ လျှပ်စစ်သုံးယာဉ်များတွင် အသုံးပြုသည့် ဘက်ထရီများကို စွန့်ပစ်ရာ၌ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ စွန့်ပစ်နိုင် ရန် Lithium Battery Waste Management System သည် အရေးကြီးကဏ္ဍ တစ်ခုဖြစ်လာသည်။ Recycling Process အသုံးပြုရန်ပါဝင်သည့် Metals & Materialsများကို တည်ဆဲသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွဲခြားထုတ်ယူနိုင်ရေးအတွက် Lithium Battery Waste Management လုပ်ငန်းစဉ်များ၊ တည်ဆဲသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ Lithium Battery Waste Management System မူဝါဒရေးဆွဲရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

လျှပ်စစ်သုံးယာဉ်များအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်

 

လျှပ်စစ်သုံးယာဉ်အမျိုးမျိုး၊ ဘက်ထရီလဲလှယ်သည့် ပစ္စည်းကိရိယာများနှင့် ဘက်ထရီအားသွင်းခြင်းကို ထောက်ပံ့ပေးမည့် ဘက်ထရီဆိုင်ရာ အခြေခံပစ္စည်းများ စသည်တို့ကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ၊ ဘက်ထရီထုတ်လုပ်မှုနည်းစနစ်နှင့် ဘက်ထရီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်တကျဖြစ်လာစေရေးအတွက် ဆက်စပ်ဌာနများ၊ လုပ်ငန်းများ၊ တက္ကသိုလ် ကောလိပ်များ၊ သက်မွေးသင်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများတွင် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ဘာသာရပ်အလိုက် သုတေသန လုပ်ငန်းများနှင့် စာတမ်းများပြုစုခြင်း၊ နည်းပညာ ပြပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်း စသည့် နည်းလမ်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးယာဉ်များအခန်းကဏ္ဍသည် ပတ်ဝန်းကျင်နိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်းရေးသားတင်ပြအပ်ပါသည်။ ။

 

ကျမ်းကိုး

- EV နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို အများပြည်သူသိရှိနိုင်ရေး စကားဝိုင်း ဆွေးနွေးပွဲ

- EV MYANMAR အင်တာနက်ဝက်ဘ်ဆိုက်