အနှေးယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းသည့် (ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း)  အစီအစဉ် အင်းစိန်မြို့နယ်၌ ပြုလုပ်

ရန်ကုန်   ၈  ဧပြီ

 

စေတနာရှင်ပြည်သူများစုပေါင်းကာ အနှေးယာဉ်လုပ်သားများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းသည့် (ပြည်သူမှ ပြည်သူသို့မျှဝေခြင်း) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

 

အဆိုပါ အစီအစဉ်ကို စေတနာရှင်ပြည်သူများ စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အထောက်အပံ့ရရှိစေရန် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်သည်။

 

အစီအစဉ်ဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်သူတစ်ဦးဖြစ်သူ ဦးဇော်နိုင်က “အခုလိုကာလမှာ အခြေခံလူတန်းစား လက်လုပ်လက်စားတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီတာပါ။ စိတ်တူကိုယ်တူ မိတ်ဆွေသူငယ်ချင်းတွေ စုပေါင်းပြီး လုပ်ကြတာပါ။ အနှေးယာဉ်လုပ်သားတွေက မြို့နယ်တိုင်းမှာ စာရင်းကောက်ယူရတာ လွယ်ကူတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အခုလို အနှေးယာဉ်လုပ်သားတွေကို ထောက်ပံ့လှူဒါန်းမှုကနေ စတင်လိုက်ရတာ ဖြစ်ပါတယ်။ လှူဒါန်းမှုအစီစဉ်ကိုတော့ ဧပြီ ၇ ရက်မှာ တောင်ဥက္ကလာပမြို့နယ်ကနေ စတင်ခဲ့တာပါ” ဟု ပြောသည်။ 

 

ယနေ့လှူဒါန်းမှုအနေဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သား (၆၀၀)တို့ကို ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငါးသေတ္တာဗူး အပါအဝင် အခြေခံစားသောက်ကုန်များနှင့် ဆေးပစ္စည်းအချို့ကို အလှူရှင်များက တစ်ဦးချင်း ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် စနစ်တကျ ထောက်ပံ့လှူဒါန်းနိုင်ရေးတို့အတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ 

 

အလားတူ ယနေ့ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်တွင် လည်းကောင်း၊ ဧပြီ ၉ ရက်တွင် လှိုင်၊ လှိုင်သာယာ၊ ဒလမြို့နယ်တို့တွင်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း ပြုလုပ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး