အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ 

ယနေ့ဟာ တစ်ကမ္ဘာလုံး အများသုံးဖြစ်တဲ့ခရစ်နှစ် ၂၀၂၄ ခုနှစ်ရဲ့ နှစ်ဦးအစ နှစ်သစ်မင်္ဂလာ အခါသမယနေ့ ဖြစ်ပါတယ်။ ယခု ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယမှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများအပါအဝင် အားလုံးကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာချမ်းသာ ဘေးရန်ကွာပြီးတော့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ။

 

လွန်ခဲ့တဲ့နှစ်ဟောင်းက မကောင်းတဲ့ အတွေ့အကြုံတွေ၊ ပျက်စီးချို့ယွင်းမှုတွေကို အတိတ်မှာပဲ ထားခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော် သမယကစပြီး အားလုံးအကောင်းဆုံးစိတ်ထားဖြစ် တဲ့ မနောကံ၊ အပြောအဆိုဖြစ်တဲ့ ဝစီကံ၊ အလုပ်အကိုင်ဖြစ်တဲ့ ကာယကံတွေ အကောင်းဆုံး ဖြစ်အောင် ပြောင်းဖို့လိုနေပြီ။ ပြောင်းတဲ့အခါမှာ သူတော်သူမြတ်တွေရဲ့ စိတ်ထားဖြစ်တဲ့ သို့မဟုတ် မွန်မြတ်တဲ့စိတ်ထားတွေဖြစ်တဲ့ တစ်ဦးရဲ့အကျိုး မကောင်းကျိုးပျောက် ကောင်းကျိုးရောက်စေလိုတဲ့ ကောင်းကျိုးကို လိုလားတဲ့ မေတ္တာ၊ ဆင်းရဲဒုက္ခရောက်တဲ့သူတွေ သနားငဲ့ညှာကူညီဖေးမလိုတဲ့ ကရုဏာတရား၊ ကိုယ့်ထက်သာတဲ့သူတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုနိုင်တဲ့ မုဒိတာတရား၊ တစ်ဖက်သားရဲ့အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ခွင့်လွှတ်နိုင်တဲ့ ဥပေက္ခာဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလက်ကိုင်ထားရင် တစ်ကမ္ဘာ လုံးဟာ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေမှာပဲ။ မင်္ဂလာတရားကတော့ ဒီမှာလည်းပဲ တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးလိုလားတဲ့ စိတ်ထားတွေထားဖို့၊ မင်္ဂလာတရားတွေထားဖို့၊ မင်္ဂလာကဗျာဆရာ ပြောခဲ့တဲ့ အတိုင်း (၃၈) ဖြာ မင်္ဂလာတရားတို့ ပျက်ပြားနေကြ ကမ္ဘာမြေ၊ ဟိုတိုင်းသည်ပြည် ရန်စစ်ခင်းလို့ လူနှင့်လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့ စွမ်းနိုင်ရာက ကူညီသလေ၊ (၃၈)ဖြာ မင်္ဂလာတရား ရေးသားဖြန့်ကာဝေဆိုတဲ့ ဒီလိုရေးခဲ့တဲ့ ကဗျာလေးဟာလည်း (၃၈) ဖြာ မင်္ဂလာတရားတွေ၊ မကောင်းတဲ့စိတ်ဓာတ်တွေ၊ မကောင်းတဲ့လုပ်ရပ်တွေ၊ မကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ရှောင်ရှားစေလိုတဲ့ အသေဝနာစ ဗာလာနံစတဲ့ မင်္ဂလာတရားတွေကို လိုက်နာ ခြင်းဟာလည်း ကမ္ဘာကြီးငြိမ်းချမ်းကြောင်း ဖြစ်တယ်။

 

ခုနက မေတ္တာ၊ ကရုဏာ၊ မုဒိတာ နဲ့ပတ်သက်ပြီး မစိုးရိမ်ပဋ္ဌာန်းဆရာတော်ကြီးရဲ့ ကဗျာလေးတစ်ပုဒ်၊ အခုပတ်ဝန်းကျင်မှာလည်း အမြဲတမ်းဖွင့်နေတယ်။ လောကမှာ အားလုံးခြုံလိုက်ရင် လူတန်းစား သုံးမျိုးရှိတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် အဘက်ဘက်က ကိုယ်နဲ့ တန်းတူ ပုဂ္ဂိုလ်တွေရှိတယ်။ ကိုယ့်ထက်နိမ့်ကျတဲ့ လူတန်းစားမျိုးလည်းရှိတယ်။ ကိုယ့်ထက် သာလွန်တဲ့ လူတန်းစားမျိုးလည်းရှိတယ်။ လူတန်းစား သုံးမျိုးမှာ ကိုယ်နဲ့တန်းတူ လူတန်းစားမျိုးတွေ့ရင် တစ်ဦးရဲ့အကျိုး တစ်ဦး လိုလားတဲ့ မေတ္တာထားဖို့ လိုအပ်တယ်။

 

မေတ္တာမထားနိုင်ရင် အချင်းချင်းပြိုင်ဆိုင်တတ်တဲ့အဖြစ်ကို ရောက်သွားတတ်တယ်။ ဒါကို ပဋ္ဌာန်း ဆရာတော်ကြီးက တန်းတူတွေ့ရင် မေတ္တာဝင် မဝင်နိုင်က ပြိုင်တတ်သည်၊ ပြိုင်မည့်အစား မေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါ့မည်။ ကိုယ်နဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က တန်းတူအဆင့် အတန်းတွေဆိုရင် တစ်ဦးရဲ့အကျိုး တစ်ဦးလိုလားတဲ့ မေတ္တာထားရမယ်။ ကိုယ့်ထက်နိမ့်ကျတဲ့ ပုဂ္ဂိုလ်တွေ၊ အားနည်းတဲ့ ပုဂ္ဂိုလ်တွေကို ကူညီဖေးမပေးလိုတဲ့ ကရုဏာစိတ် ထားရမယ်။ အဲဒီလိုသနားငဲ့ညှာ ကူညီဖေးမလိုတဲ့ ကရုဏာစိတ်ထားမထားနိုင်ရင် အနိုင်ကျင့်တဲ့ဘက်ကို ရောက်သွားနိုင်တယ်။ ဒါကိုပဲ ပဋ္ဌာန်းဆရာတော်ကြီးက နိမ့်သူတွေ့ရင် ကရုဏာဝင် မဝင်နိုင်က နိုင်တတ်သည်။ နိုင်မည့်အစား ကရုဏာ ပွား စိတ်ထားပြုပြင်ပြောင်းပါ့မည်။

 

အဲဒီတော့ တစ်ဖက်သားကို အနိုင်မကျင့်မိအောင်၊ ကိုယ့်ထက်နိမ့်ကျတဲ့ ပုဂ္ဂိုလ်တွေကို သနား ငဲ့ညှာကူညီဖေးမလိုတဲ့ ကရုဏာစိတ်ထား ထားရ မယ်။ လောကမှာ အဘက်ဘက်က ကိုယ့်ထက်သာ လွန်တဲ့ လူတန်းစားမျိုးလည်း ရှိတယ်။ ကိုယ့်ထက် သာတဲ့ လူတန်းစားမျိုးတွေ့ရင် အော်..တော်ပါပေတယ်၊ ကောင်းပါပေတယ်လို့ ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုနိုင်တဲ့ မုဒိတာစိတ်ထား ထားရမယ်။ မုဒိတာစိတ် မထားနိုင်ရင် မနာလိုတဲ့ဘက် ယိုင်သွား နိုင်တယ်။ ဒါကို မြင့်သူတွေ့ရင် မုဒိတာဝင် မဝင်နိုင်က ယိုင်တတ်သည်၊ ယိုင်မည့်အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မည်လို့ ဆိုခဲ့တယ်။

 

ခုနက လူတန်းစားသုံးမျိုးမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ နှိုင်းယှဉ်ဖြစ်တယ်။ ဒါကလည်း ပတ်ဝန်းကျင်လောကကြီး ငြိမ်းချမ်းဖို့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတဲ့ တရားတွေဟာ တကယ့်လက်တွေ့ကျ တဲ့ တရားတွေ ဖြစ်ပါတယ်။

 

တစ်ဦးနဲ့တစ်ဦး မနာလိုတာဟာလည်း လောကကြီး ဒုက္ခရောက်စေနိုင်တဲ့ အရာဖြစ်တာကို သက္က ပညာသုတ်မှာ သိကြားမင်းက မြတ်စွာဘုရားကို မေးတဲ့မေးခွန်းရှိတယ်။ အရှင်ဘုရား ကာမဘုံသား လူတွေ၊ နတ်တွေဟာ ချမ်းချမ်းသာသာနေချင်ရဲ့သားနဲ့ ဆင်းရဲဒုက္ခတွေရောက်နေတာ ဘာကြောင့် လဲလို့ မေးခဲ့တာကိုတော့ မဟာစည်ဆရာတော် ဘုရားကြီးက မနာလိုတဲ့ ဣဿာတွေ၊ ဝန်တိုတဲ့ မစ္ဆရိယ တွေကြောင့်ဆိုတာ ကဗျာလေးနဲ့ပြောခဲ့တယ်။ ကာမဘုံသား နတ်လူများတို့ ကောင်းစားပြည့်ဝ ဘေးရန်ပလည်း၊ အေးမြချမ်းသာနေလိုပါလည်း ဣဿာမစ္ဆရိယ သူရှုပ်ပွေ၍ ထင်ငြိမ်မကျ ဆင်းရဲရ၏၊ ဣဿာ ခေါ်ဆို မနာလို၍ ဝန်တို မစ္ဆရိယ၊ မနာလို ကင်း ဝန်တိုရှင်း၊ လက်ငင်းချမ်းသာမည်လို့ ဒီလို မဟာစည်ဆရာတော်ဘုရားကြီး မိန့်တဲ့အတိုင်း တို့တတွေ ဣဿာမစ္ဆရိယဆိုတဲ့ မကောင်းတဲ့ စိတ်ထားတွေ ဖယ်ရှားပြီးတော့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ထားခြင်းဖြင့် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတည်ဆောက် ကြပါစို့လို့ တိုက်တွန်းရင်း ဆရာတော်ရဲ့ဩဝါဒကို ဤမျှနဲ့ပဲ နိဂုံးချုပ်အပ်ပါသတည်း။