အင်ဒိုနီးရှား၌ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား၊ အမြင့် ခြောက်ကီလိုမီတာအထိ ပြာမှုန့်များ မှုတ်ထုတ်

ဂျကာတာ ၂၂ ဇွန်

 

ကမ္ဘာပေါ်ရှိ လှုပ်ရှားမှုအများဆုံး မီးတောင်များအနက် တစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံရှိ မီရာပီမီးတောင်သည် ယနေ့တွင် နှစ်ကြိမ်တိုင်တိုင် ပေါက်ကွဲခဲ့ပြီး အမြင့် ခြောက် ကီလိုမီတာအထိ ပြာမှုန့်များ မှုတ်ထုတ်သွားကြောင်း အင်ဒိုနီးရှားဘူမိဗေဒအေဂျင်စီက ပြောကြားသည်။

 

ခုနစ်မိနစ်ခန့်ကြာမြင့်သော မီးတောင်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဒေသဆိုင်ရာအာဏာပိုင်များက မီးတောင်၏ ဘေးပတ်လည် သုံးကီလိုမီတာအတွင်းကို အန္တရာယ်ရှိသောဇုန်အဖြစ် သတ်မှတ်ထားပြီး ဒေသခံပြည်သူ များအား အန္တရာယ်ဇုန်၏ အပြင်ဘက်တွင် သွားလာနေထိုင်ကြရန်နှင့် အန္တရာယ်ဇုန်အတွင်း သွားလာလှုပ်ရှား ခြင်းမပြုကြရန် ညွှန်ကြားထားကြောင်း သိရသည်။

 

မီရာပီမီးတောင်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ ပြီးနောက် အင်ဒိုနီးရှားဘူမိဗေဒအေဂျင်စီအနေဖြင့် သတိပေးချက် ထုတ်ပြန်ခြင်းမရှိခဲ့သော်လည်း အဆိုပါ ဒေသ အနီးအနား၌ လေယာဉ်ပျံသန်းမှု အန္တရာယ်များသည်ဟု လေကြောင်းလိုင်းများအား အကြံပြုထားကြောင်း သိရသည်။

 

မီရာပီမီးတောင်သည် အင်ဒိုနီးရှား၏ ယဉ်ကျေးမှု ဒေသဖြစ်သည့် ဂျာဗားကျွန်း၏ မြို့တော် ယိုဂျာကာတာမြို့မှ ကီလိုမီတာ ၃၀ ခန့်အကွာတွင်တည်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ၏ လှုပ်ရှားမှုအများဆုံး မီးတောင်များထဲတွင် တစ်ခု ဖြစ်ကြောင်း သိရသည်။

 

မီရာပီမီးတောင်သည် လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်က နောက်ဆုံးပေါက်ကွဲခဲ့ပြီး လူ ၃၀၀ ကျော်သေဆုံးကာ ဒေသခံပြည်သူ ၂၈၀၀၀၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်က မီရာပီမီးတောင်ပေါက်ကွဲမှုသည် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း အင်အားအပြင်းထန်ဆုံး ဖြစသည်။ ၁၉၃၀ ပြည့်နှစ်က မီရာပီမီးတောင်ပေါက်ကွဲမှုတွင် လူ ၁၃၀၀ သေဆုံးခဲ့ပြီး ၁၉၉၄ ခုနှစ် ပေါက်ကွဲမှုတွင် လူ ၆၀ စသည်ဖြင့် အသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။

 

ကျွန်းပေါင်း ၁၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင် ၁၃၀ နီးပါးရှိကြောင်း သိရသည်။

 

ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - ဂျေတီ