အင်ဒိုနီးရှားနိုင်ငံ မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူ ၁၄ ဦး ရှိလာ

ဒီဇင်ဘာ ၆

 

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ မီးတောင်တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်  ၅၆ ဦး ဒဏ်ရာရရှိပြီး သေဆုံးသူ ၁၄ ဦး ရှိလာသည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောကြားသည်။ အဆိုပါတောင်အနီးဝန်းကျင်တွင် မီးတောင်ချော်ရည်များကြောင့် လူ့အချို့ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၄ ရက်က အရှေ့ဂျာဗားပြည်နယ်ရှိ ဆီမီယူမီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အင်ဒိုနီးရှားအာဏာပိုင်များကဆိုသည်။

 

ယင်းမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဆူရာဘာယာမြို့၏ ကီလိုမီတာ ၁၃၀ အကွာတွင် တည်ရှိသည်။

 

ထိုမီးတောင်မှမီးခိုးများ မီတာ ၁၂၀၀၀ အမြင့်သို့ ရောက်ရှိကာ ချော်ရည်များသည် မီးတောင်ဝမှ မီတာ ၅၀၀ ကျော်အကွာအဝေးသို့ စီးဆင်းသွားခဲ့သည်။

 

၎င်းမီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံလူ ၉၀၀ ကျော် ဘေးကင်းရာသို့ရွှေ့ပြောင်းခဲ့သော်လည်း ကျန်နေခဲ့သူများရှိသေးသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို