အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ပေး

ဂျကာတာ   ဩဂုတ်   ၂၄

အင်ဒိုနီးရှားနိုင်ငံတွင် ဩဂုတ် ၂၄ ရက်တွင် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ထားမှုကို ဖြေလျှော့ပေးနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်မှုများ လျော့ကျလာသည့်အတွက် ယခုလို ဖြေလျှော့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်လအတွင်းမှစတင်ကာ  ဒယ်လ်တာ ဗိုင်းရပ်စ်ကြောင့်  နေ့စဉ် ကူးစက်မှု နှုန်းမှာ ၅၀၀၀၀ အထက်တွင် ရှိခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်းထိခိုက်ခဲ့ရသည်။ မြို့တော်  ဂျကာတာအပါအဝင် နိုင်ငံ၏ အချို့သောဧရိယာများတွင် တင်းကျပ်သည့်ကန့်သတ်ချက်များ  ချမှတ်ခဲ့ရသည်။

ဩဂုတ် ၂၃ ရက်တွင် နေ့စဉ် ကူးစက်မှုမှာ ၉၆၀၄ ဦးအထိ လျော့ကျပြီးနောက် ကန့်သတ်ချက်များ တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခြင်းကို လုပ်ဆောင်ခဲ့သည်။ နှစ်လတာအတွင်း နေ့စဉ်ကူးစက်မှုမှာ ၁၀၀၀၀ အောက် ပထမဆုံးအကြိမ် အဖြစ် လျော့ကျခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုနှုန်းမှာလည်း တစ်ရက်တည်း ၈၄၂ ဦးရှိခဲ့ပြီး တစ်လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀ အောက် လျော့ကျခဲ့ခြင်းဖြစ်သည်။

အဆင့်လေးဆင့်ရှိသည့် ကန့်သတ်မှုတွင် အတင်းကျပ်ဆုံးအဆင့် ကန့်သတ်ထားရာမှ ယခုအခါ ဒုတိယ အဆင့်သို့ လျှော့ချလိုက်ကြောင်း သြဂုတ် ၂၃ ရက်တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။

စားသောက်ဆိုင်များတွင် လူဦးရေ ကန့်သတ်ချက်ဖြင့် ဆိုင်ထိုင်စားသောက်ခွင့်ပေးပြီး ပြည်ပသို့ တင်ပို့သည့် လုပ်ငန်းများတွင် ဝန်ထမ်းအင်အားအပြည့်ဖြင့် ပြန်လည်လည်ပတ်ခွင့်ပေးပြီဖြစ်သည်။ ကူးစက်မှုအန္တရာယ်နှင့် နီးစပ်သည့်အပြုအမူများကို ရှောင်ရှားကြရန်လည်း အစိုးရက တောင်းဆို ထားသည်။

ဆင်ဟွာ