အင်္ဂါဂြိုဟ်ပေါ်တွင် ရေကန်တစ်ခုတွေ့ရှိ

၂၇ ဇူလိုင်

အင်္ဂါဂြိုဟ် မျက်နှာပြင်အောက်တွင် ထုထည်ပမာဏကြီးမားသည့် ရေကန်တစ်ခုအား ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ နက္ခတပညာရှင်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့ကြသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ ရှင်သန်နေထိုင်နိုင်ရန် ခက်ခဲသည်ဟု သတ်မှတ်ထားခဲ့ကြသော်လည်း ယခုခဲ့သို့ ရေရှိကြောင်း တွေ့ရှိပြီးနောက်တွင် သက်ရှိများလည်း အသက်ရှင် နေထိုင်ခဲ့ဟန်ရှိသည်ဟူသော မျှော်လင့်ချက် ပိုမိုခိုင်မာလာခဲ့သည်။ အဆိုပါ ရေအိုင်ကို ဂြိုဟ်ရေခဲပြင်အောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်း ၁၂ မိုင်ခန့်ရှိကြောင်း အမေရိကန် သိပ္ပံဂျာနယ်တွင် ဖော်ပြထားသည်။

 

 

“အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိတယ်ဆိုတာ ကျွန်တော်တို့ သံသယဖြစ်စရာ မလိုတော့ဘူး” ဟု အီတလီ အာကာသအေဂျင်စီမှ ပညာရှင် Enrico Flamini က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် အင်္ဂါဂြိုဟ်သည် အေးမြခြောက်သွေ့နေပြီး လွင်တီးခေါင် ဖြစ်နေသော်လည်း တစ်ချိန်က ပူနွေးစိုစွတ်ခဲ့ဟန်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃ ဒသမ ၆ ဘီလီယံခန့်က ရေချိုနှင့် ရေကန်များစွာ တည်ရှိခဲ့ဟန်ရှိသည်။

ယခုတွေ့ရှိမှုသည် သပ္ပံပညာရှင်များအတွက် နှစ်ပေါင်းများစွာက အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိများ ရှင်သန်ခဲ့ခြင်း ရှိမရှိဝေခွဲမရသည့် ပဟေဠိနှင့် လက်ရှိအချိန်မှာ သက်ရှိများ ရှင်သန်နေထိုက်လျက် ရှိသလားဆိုသည့် အချက်ကို အဖြေရှာရန် အဓိကအချက်ဖြစ်နေသည်။

“ဒါဟာ ယခင်ကရှာဖွေတွေ့ရှိခဲ့သလို အင်္ဂါဂြိုဟ်ကရေတွေဟာ ဖြတ်သန်းစီးဆင်းသွားခဲ့ရုံ မဟုတ်ဘဲ ထုထည်နဲ့ရှိနေတယ်ဆိုတာကို သက်သေပြနိုင်တဲ့ အံသြစရာရလဒ်ပဲ။ ဒီအဖြေက ဂြိုဟ်ပေါ်မှာ တစ်ချိန်တုန်းက သက်ရှိတွေ နေထိုင်အသက်ရှင်ခဲ့ဖူးတဲ့ အခြေအနေကို ပြသနေတာပဲ။” ဟု လေ့လာမှုတွင် ပါဝင်ခဲ့သည့် သြစတြေးလျနိုင်ငံ ဆွင်းဘူရ်နီ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Alan Duffy က ပြောသည်။ ရေအရင်းအမြစ်သည် လူသားများအသက်ရှင် ရပ်တည်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်ရာ၂၀၃၀ တွင် အင်္ဂါဂြိုဟ်ပေါ်ကို သုတေသီများ စေလွှတ်ရန် စီစဉ်နေသည့် နာဆာအတွက် အထောက်အပံ့အကူအညီ ရရှိနိုင်သည်။

တွေ့ရှိထားသည့် ရေကန်မှ ရေကို အသုံးပြုနိုင်ပါ့မလားဆိုတာကိုတော့ အတည်မပြုနိုင်သေးဘဲ ဂြိုဟ်၏ အေးစက်ကြမ်းတမ်းသော ရေခဲပြင်အောက် အနက် ၁ ဒသမ ၆ ကီလိုမီတာတွင် ရေကန်ကိုတွေ့ရှိခြင်းဖြစ်သည်။ အင်္ဂါဂြိုဟ်၏ တွင်းထွက် သယံဇာတများနှင့် ဆားဓာတ်များ ရောနှောပျော်ဝင်နေခြင်းကြောင့် ကန်ရေသည် အေးစက်ပြီး ငန်နိုင်ကြောင်း အချို့ ပညာရှင်များက သံသယရှိနေသည်။

ကန်ကိုတွေ့ရှိသည့် နေရာသည် ရေခဲမှတ်အောက်တွင် တည်ရှိနေသော်လည်း ကန်ရေအတွင်း၌ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နှင့် ဆိုဒီယမ် များပါရှိနေခြင်းကြောင့် ခဲမနေဘဲ အရည်အဖြစ် ရှိနေနိုင်သည်။

တွေ့ရှိထားသည့် ရေကန်ကို ဥရောပအာကာသ အေဂျင်စီမှ ၂၀ဝ၃ ခုနှစ်က လွှတ်တင်ခဲ့သည့် အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသယာဉ်မှ Mars Advanced Radar for Subsurface and Ionosphere Sounding (MARSIS) ရေဒါဖြင့် ထောက်လှမ်းမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေဒါသည် မြေမျက်နှာပြင်နှင့် ရေခဲပြင်အောက်မှ ရေကို ရေဒီယိုလှိုင်းများ ထုတ်လွှင့်ပြီး ခြေရာခံနိုင်ရန် အထူးဒီဇိုင်းရေးဆွဲထားသော ရေဒါဖြစ်သည်။ သုတေသနအဖွဲ့တွင် ပါဝင်ခဲ့သည့် အီတလီလူမျိုး ရူပနက္ခတဗေဒ ပညာရှင် Roberto Orosei သည် ၂၀၁၂ ခုနှစ် မေလမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ အင်္ဂါဂြိုဟ်ပေါ်မှ Planum Australe အမည်ရှိ ရေခဲပြင်ဒေသကို စစ်တမ်းကောက်ယူခဲ့သူဖြစ်သည်။

 

 

ရေဒါထောက်လှမ်းမှု ၂၉ စုံ၏ ရေဒါပုံရိပ်များကို အသုံးပြုပြီး သိပ္ပံပညာရှင်များက ရေကန်၏ ပုံသဏ္ဍာန်ကို ပုံဖေါ်နိုင်ခဲ့ကြသည်။ ရေဒါပုံဖော်ချက်များအရ အဆိုပါရေကန်သည် ကမ္ဘာမြေရှိ အန္တာတိတ်နှင့် ဂရင်းလန်း ရေခဲပြင်အောက်မှ ရေကန်၏ပုံသဏ္ဍာန်နှင့် တူနေကြောင်း သိရသည်။

သုတေသနအဖွဲ့တွင် ပါဝင်ခြင်းမရှိခဲ့သူ တက္ကဆက်ပြည်နယ် သုတေသနအင်စတီကျု အာကာသ စူးစမ်းလေ့လာရေးဌာန အဖွဲ့မှ အကြီးတန်း သုတေသီ David Stillman ကတော့ “ ဒါက အင်္ဂါဂြိုဟ်ပေါ်မှာ ရေကိုထုထည်လိုက် ပထမဆုံးအကြိမ် တွေ့ရှိတာပါ။ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အခြား အာကာသယာဉ်တွေ အခြား လေ့လာမှုတွေကနေလည်း အတည်ပြုချက် ယူဖို့လိုသေးတယ်” ဟု ပြောသည်။ ၎င်းကတော့ တွေ့ရှိချက်အပေါ် သံသယဖြစ်မိကြောင်း AFP သို့ ပြောပြခဲ့ပေမယ့် သုတေသန ပညာရှင်များကတော့ နောက်ထပ်ထပ်မံတွေ့ရှိမည့် အဖြေများအတွက် စိတ်လှုပ်ရှားနေကြသည်။


SMZaw (MDN)
ကိုးကား - AFP