အင်္ဂလန်ကလပ် စပါးအသင်းမှ နည်းပြဆရာများ မြန်မာနိုင်ငံ၌ ဘောလုံးအခြေခံနည်းစနစ်များ သင်ကြား

၁ စက်တင်ဘာ 


အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းမှ နိုင်ငံတကာလူငယ်ဖွံ့ဖြိုးရေး နည်းပြများသည် စက်တင်ဘာ ၁ ရက်က မြန်မာနိုင်ငံသို့ လာရောက်၍ ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးခဲ့သည်။ 


စပါးအသင်းမှ  လူငယ်ဖွံ့ဖြိုးရေးနည်းပြများဖြစ်သော အန်တန်ဘလက်ဝုဒ်နှင့် အာရွန်တယ်လ်ဘရော့ခ်တို့သည် Yangon United Sports Complex ၌ ပြုလုပ်သည့် AIA Kick အစီအစဉ်တွင် လာရောက်သင်ကြားပေးခဲ့ပြီး အသက် ၇ နှစ်မှ ၁၄ နှစ်ကြားရှိ လူငယ်ကစားသမား ၂၀ဝ ကျော်ကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ စပါးနည်းပြဆရာများ၏ AIA Kick အစီအစဉ်တွင် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှ ကစားသမားများလည်း ပါဝင်ကူညီခဲ့ပြီး ကစားသမားများကို အချိန်များခွဲကာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ 


စပါးအသင်းမှ  လူငယ်ဖွံ့ဖြိုးရေးနည်းပြများဖြစ်သော အန်တန်ဘလက်ဝုဒ် နှင့် အာရွန်တယ်လ်ဘရော့ခ်တို့သည် မြန်မာလူငယ်ကစားသမားများကို ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးခဲ့ပြီး ညနေပိုင်းအထိ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ ''ဘောလုံးအခြေခံကောင်းတွေရှိတဲ့ အာရှတိုက်ရဲ့ မြန်မာနိုင်ငံမှာ လာရောက်သင်ကြားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အနာဂတ်အလားအလာကောင်းတွေရှိတဲ့ မြန်မာကစားသမားတွေကို သင်ကြားခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို အခုလိုသင်ကြားပေးလိုက်ရတဲ့အတွက် သူတို့အနေနဲ့ အတွေ့အကြုံကောင်းတွေ ရမယ်လို့ ထင်ပါတယ်။ မြန်မာပရိသတ်တွေအနေနဲ့ စပါးအသင်းကို သိရှိထားပြီးဖြစ်ပါလိမ့်မယ်။ အခုလို လာရောက်သင်ကြားခွင့်ရတဲ့အတွက် မြန်မာနိုင်ငံမှာ စပါးပရိသတ်တွေ တိုးတက်လာမယ်လို့ ထင်ပါတယ်''ဟု နည်းပြ အန်တန်ဘလက်ဝုဒ်က ပြောကြားသည်။ 


ကမ္ဘာကျော်ဘောလုံးသမားဟောင်းများ၊ နာမည်ကြီးကလပ်အသင်းများမှ နည်းပြဆရာများ၏ အဖွဲ့အစည်းများ၏ အစီအစဉ်အရလည်းကောင်း၊ တစ်ဦးချင်းအစီအစဉ်အရ လည်းကောင်း မြန်မာနိုင်ငံသို့ လာရောက်၍ လူငယ်ကစားသမားများအား ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးလျက်ရှိပြီး ယခု စပါးအသင်းနည်းပြဆရာများ၏ ခရီးစဉ်ကို AIA က စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။


သတင်း=ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်