အင်္ဂပူမြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူများအား စိတ်ဓာတ်ခွန်အားဖြစ်စေရေး ဟောပြောပွဲပြုလုပ်

အင်္ဂပူ   ၁၁   မေ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Facility Quarantine ဝင်ရောက်နေထိုင်သူများအား စိတ်ခွန်အားဖြစ်စေရေးအတွက် စာရေး ဆရာမ နှင်းပန်းအိမ်နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ အားပေးဟောပြောခြင်းကို မေ ၁၁ ရက်နေ့ နံနက် ၉ နာရီက အင်္ဂပူမြို့အ-ထ-က (အင်္ဂပူ)ကျောင်း Quarantine Centre ရှေ့ကွင်းပြင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က မိတ်ဆက်အားပေးအမှာစကား ပြောကြားပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စာရေးဆရာမ နှင်းပန်းအိမ်နှင့် ဦးအောင်မျိုးကျော်တို့က အားပေးစကားပြောကြားရာတွင် Quarantine ဝင်ရောက်သူများသည် အပြစ်တစ်စုံတစ်ရာရှိခြင်းကြောင့် မဟုတ်ဘဲ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကူညီဆောင်ရွက်ပေးနေသူများဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ငွေကြေးပြည့်စုံမှု မရှိသော်လည်း စေတနာနှင့် လုပ်အားပြည့်စုံသည့်အတွက် အခြားနိုင်ငံကြီးများမဆောင်ရွက်နိုင်သည့် ယခုကဲ့သို့ Facility Quarantine များကိုဆောင်ရွက်ပြီး ကိုဗစ်ရောဂါကိုကာကွယ် ထိန်းချုပ်တိုက်ထုတ်နေနိုင်ခြင်းဖြစ်ကြောင်း၊ လာရောက်နေထိုင်သူများအနေဖြင့်လည်း မိမိတို့၏ မိသားစု၊ ရပ်ရွာနှင့် တိုင်းပြည်အကျိုးအတွက် သယ်ပိုးနေသူများအဖြစ် မိမိကိုယ်ကိုခံယူနေထိုင်ပါက စိတ်ချမ်းမြေ့ နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင် နေထိုင်စေလိုကြောင်း၊ စက်ရုံအလုပ်ရုံစသည့် လုပ်ငန်းခွင် ဝင်ရောက်ကြရမည့်သူများအနေဖြင့်လည်း ယခုစောင့်ကြည့်ရက်များကြောင့်  လုပ်ငန်းမှဖယ်ရှားခံရခြင်း၊ လုပ်ငန်း ထိခိုက်ခြင်းများမရှိအောင် သက်ဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးဟောပြောသည်။

 

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်စိုးက မြို့နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားကာ Quarantine ဝင်ရောက်သူများကို အားပေးစကားများ ပြောကြားကြသည်။

 

အဆိုပါ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် မေ ၁၁ ရက်မှ မေ ၁၂ ရက်နေ့ အထိ အင်္ဂပူမြို့နယ်အတွင်းရှိ Quarantine Center ၆ခုတွင် ဝင်ရောက်နေသူများအား စိတ်ခွန်အားဖြည့် အားပေးစကားများပြောကြားပေးမည်ကြောင်း သိရသည်။

                  

မန်းကျော်(ပြန်/ဆက်)