အင်းလေးဒေသ တိုင်းရင်းငါးမျိုးစိတ် ငါးဖိန်းငါး မျိုးပြုန်းတီးမှုမရှိစေရေး သားဖောက်မွေးမြူ ထုတ်လုပ်လျက်ရှိ

ညောင်ရွှေ  ၂၅  မေ

 

မြန်မာနိုင်ငံတွင် အင်းလေးဒေသ၌သာ တွေ့ရှိရပြီး အင်းလေးကန်၏ ပုံရိပ်ဖြစ်သည့် ဒေသမျိုးရင်း ငါးဖိန်းငါးမျိုး (Cyprinus intha) ကို ညောင်ရွှေ ငါးလုပ်ငန်းစခန်းမှ နှစ်စဉ် ကောင်ရေ ခုနစ်သိန်းကျော် သားဖောက်မွေးမြူ၍ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

အင်းလေးဒေသ၏ ဒေသတိုင်းရင်း ငါးမျိုးစိတ် ငါးဖိန်းငါးမျိုးကို အဓိကမွေးမြူထုတ်လုပ်ပြီး ဒေသခံ ငါးမွေး တောင်သူများနှင့် အင်းလေးကန် ရေဝေရေလဲဒေသများသို့ ငါးမျိုးပြုန်းတီးမှု မရှိစေရေးအတွက် ငါးသား ဖောက်လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ငါးဖိန်းငါးမျိုးသည် မျိုးတုန်းပျောက်ကွယ်လုနီးပါး ရင်ဆိုင်နေရ၍ IUCN (International Union for Conservation of Nature) Red List အဖြစ် ၂၀၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ငါးဖိန်းငါးမျိုးကောင်ရေ ၇၂၀ဝ၀ဝ ခန့်ကို အင်းလေးကန်နှင့် ရေဝေရေလဲ ဒေသများသို့  မျိုးစိုက်ထည့်ထုတ်လုပ်ပေးခဲ့ကြောင်း ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သီဟထွေးက ပြောသည်။

 

ညောင်ရွှေငါးလုပ်ငန်းစခန်း အနေဖြင့် ဒေသတိုင်းရင်း ငါးမျိုးငါးဖိန်းကို အဓိကမွေးမြူထုတ်လုပ်၍ ဖြန့်ဖြူးပေး လျက်ရှိသည့်အပြင် ငါးဆေးထိုးသားဖောက်ခြင်း၊ မွေးမြူခြင်းနည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မျိုးတုန်း ပျောက်ကွယ်လုရှိသည့် ငါးမျိုးစိတ်များနှင့် အလှမွေးငါးများ မျိုးထိန်းသားဖောက်ခြင်းကိုလည်း သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း ညောင်ရွှေငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်က ရှင်းပြသည်။

 

ငါးဖိန်းငါးမျိုးသည် တစ်နှစ်ပတ်လုံး သားဖောက်ရရှိနိုင်ပြီး ဇန်နဝါရီလမှ ဧပြီလအတွင်း အမြင့်ဆုံး မျိုးပွားနိုင်ကြောင်း၊ တစ်ကီလိုဂရမ်ရှိ ငါးမတစ်ကောင်သည် ဥလုံးရေ တစ်သိန်းမှ လေးသိန်းအထိ ဥချနိုင်ကြောင်း၊ အပူချိန်ပေါ်မူတည်၍ သုံးရက်မှ ငါးရက်အတွင်း အကောင်ပေါက်ကြောင်း သိရသည်။

 

နေမျိုးသူရိန်(ပြန်/ဆက်)