အင်းလေးနှင့် အင်းသားလူမျိုး

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

အင်းလေးဒေသတွင် နေထိုင်ကြသူ အင်းသားလူမျိုးများ၏ စီးပွားရေးလုပ်ငန်းများမှာ လယ်ယာလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းတဉ်းလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံစိုက်ပျိုးရေးလုပ်ငန်း၊ တံငါလုပ်ငန်းတို့ ဖြစ်သည်။ စပါးအပြင် ဂျုံ၊ ဘာလီ၊ ပြောင်းတို့ကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ အခြားစိုက်ပျိုးလုပ်ကိုင်သော အသီးအနှံများမှာ လိမ္မော်၊ ငှက်ပျော၊ သင်္ဘော၊ သြဇာ၊ နာနတ်၊ သရက်၊ စတော်ဘယ်ရီ စသော သစ်သီးဝလံများ၊ အာလူး၊ မြေပဲ၊ ပဲတောင့်၊ အခြားပဲအမျိုးမျိုး၊ ဘူး၊ သခွား၊ ဖရုံ၊ ဖရဲ၊ ကြက်သွန်ဖြူ၊ နီနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ ဖြစ်ကြသည်။ ဟင်းသီးဟင်းရွက် စိုက်ခင်းများကို များသောအားဖြင့် ကျွန်းမျောများပေါ်တွင် လုပ်ကိုင်ကြသည်။ ကျွန်းမျောများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်ရခြင်းသည် သက်သာလွယ်ကူလှသည် မဟုတ်ပေ။ ကျွန်းမျောများသည် သဘာဝကျွန်းမျောနှင့် လူလုပ်ကျွန်းမျောဟု နှစ်မျိုးရှိသည်။

 

၎င်းတို့ကိုပြုလုပ်ပုံမှာ ကိုင်းပင်၊ ကျူပင်တို့ဖြင့် ဘောင်ခတ်ပြုလုပ်ထားသော အောက်ခံအခင်းပေါ်တွင် မြက်ပင်၊ ဒိုက်သရော၊ ကျောက်ခက်ပင်တို့နှင့် ရွှံ့နက်မြေတို့ကို ရောနှောကာ ဖို့ပေးရသည်။ ထိုသို့ပြုလုပ်၍ ကာလအတန်ကြာသောအခါ မြေသြဇာကောင်း၍ စိုက်ပျိုးဖြစ်ထွန်းသော ရေပေါ်ကျွန်းများ ဖြစ်လာသည်။ သဘာဝကျွန်းမျောများမှာမူ လေသင့်ရာမျောပါနေသော ဗေဒါပင်၊ ဒိုက်ပင်တို့သည် အချင်းချင်းစုစည်းမိကြပြီးနောက် နုန်းမြေ၊ သဲ၊ ရွှံ့နှစ်တို့ဖြင့် သမကာ စုခဲ၍ ထုထည်ဖြစ်လာပြီးလျှင် ကာလအတန်ကြာသောအခါ ကျွန်းကလေးတစ်ခုမျှ ကြီးမားလာ၍ ရေပေါ်တွင် ရွေ့လျားနေကြသည်။ အင်းသားတို့သည် ထိုကျွန်းမျောများကို မိမိတို့ လိုရာသို့ရောက်အောင် ခဲရာခဲဆစ် ပင်ပန်းကြီးစွာ လှေဖြင့်ဆွဲယူရသည်။ ထိုသို့ဆွဲယူလာကြပြီးလျှင် ရေစီးရာမျောပါမသွားအောင် ၁ဝ တောင်၊ ၁၂ တောင်ခန့်ရှိသော ဝါးလုံးရှည် များဖြင့် ထိုးစိုက်ထားရသည်။ ကျွန်းမျောအသေးများသည် ၁ဝ ပေ၊ ၁၅ ပေ ပတ်လည်ရှိပြီးလျှင် အကြီးများသည် တစ်ဧကမှ တစ်ဧကခွဲအထိ ကျယ်ဝန်းသည်။ အချို့ ကျွန်းမျောများပေါ်တွင် စိုက်ခင်းများသာမက အိုးအိမ်တည်ထောင်၍ပင် နေကြသည်။

 

 

အင်းလေးဒေသ၏ အခြားထင်ရှားသော လုပ်ငန်းကြီးတစ်ရပ်မှာ ရက်ကန်းလုပ်ငန်း ဖြစ်သည်။ အင်းလေးဒေသတစ်ခုလုံးတွင် ရက်ကန်းစင်ပေါင်း တစ်သောင်းကျော်ရှိပြီးလျှင် ဘန်ကောက်၊ ဇင်းမယ်၊ ရွှေပလောင် စသော ပိုးထည်များကို အများအပြားရက်လုပ်သည်။ ဖျင်ဖြူ၊ ဖျင်နီ စသော ချည်ထည်များ၊ လွယ်အိတ်များကိုလည်း ရက်လုပ်ကြသည်။ ရက်ကန်းလုပ်ငန်း ကြီးကျယ်သောရွာကြီးမှာ အင်းပေါခုံ ဖြစ်လေသည်။ အင်းလေးတွင်လည်း ငါးရက်တစ်ဈေးရှိရာ ထိုဈေးမျိုးရှိသော ရွာများမှာ နန်းပန်ဈေး၊ အင်းတိမ်ဈေး၊ မိုင်းသောက်ဈေး၊ သန်းတောင်ဈေးနှင့် တောင်တိုဈေးတို့ဖြစ်သည်။ ဟဲယားရွာမတွင်မူ နေ့စဉ်ဈေးရှိ၍ ရေပေါ်ဈေး ဖြစ်သည်။ ယခုအခါတွင်တော့ မရှိတော့ပြီ။ ရောင်းသူဝယ်သူ နှစ်ဦးစလုံးပင် လှေပေါ်တွင် အရောင်းအဝယ်ပြုကြ၍ မြို့ကြီးများနှင့်မခြား ပစ္စည်းမျိုးစုံ ရရှိနိုင်ပေသည်။ ထိုရေပေါ်ဈေး ပြန်လည်ပေါ်ထွန်းလာပါက ယခင်ကကဲ့သို့ အမည်နာမကြီးခဲ့သော ဈေးတစ်ဈေးအဖြစ် ပြန်လည်ရပ်တည်နိုင်ပေလိမ့်မည်။

 

အင်းသားအားလုံးသည် ဗုဒ္ဓဝါဒကို သက်ဝင်ယုံကြည်သူများဖြစ်၍ အင်းလေးဒေသတစ်ခွင်၌ ကြီးကျယ်ခံ့ညားသော ဘုန်းကြီးကျောင်းများ၊ ရွှေရောင်တဝင်းဝင်း၊ ထုံးဖြူတဖွေးဖွေးနှင့် ဘုရားစေတီများကို တွေ့ရခြင်းအားဖြင့် ယုံကြည်ကိုးကွယ်မှု၌ မည်မျှရိုသေလေးစားခြင်းရှိကြောင်း သိရပေသည်။ ထို့ပြင် အင်းလေးဒေသ နန်းဟူးရွာရှိ ဖောင်တော်ဦးဘုရားများသည် ရှမ်းပြည်နယ်တွင်သာမက မြန်မာတစ်နိုင်ငံလုံး၌ ထင်ရှားကျော်ကြားလေသည်။ သီတင်းကျွတ်အခါတွင် ဖောင်တော်ဦးဘုရားများသည် ညောင်ရွှေမြို့ နှင့် အင်းလေးဒေသတစ်ခွင်သို့ ဒေသစာရီ ကြွချီပြီးနောက် ကျောင်းသို့ပြန်ကြွရာ၌ ကျောင်းတော်သို့ ရောက်သောအခါ အင်းသူအင်းသားတို့သည် ဝမ်းမြောက်ပျော်ရွှင်သည့် အထိမ်းအမှတ်အဖြစ်ဖြင့် ပျော်ပွဲရွှင်ပွဲများကို ကျောင်းတော်ရာအနီး ချောင်းရိုးအတွင်း ကျင်းပလေ့ရှိသည်။

 

အင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ထုံးတမ်းဓလေ့တို့သည် ရှမ်းနှင့်မြန်မာ ရောနေသော်လည်း မြန်မာပို၍ဆန်သည်။ လှူရေးတန်းရေးတို့၌လည်းကောင်း၊ တူရိယာ၊ တေးဂီတနှင့် အကအခုန်တို့၌လည်းကောင်း ရှေးခေတ်မြန်မာတို့၏ လုပ်နည်းလုပ်ဟန်များကို တွေ့ရသည်။ လက်ထပ်ထိမ်းမြားခြင်း၌ မြန်မာထုံးတမ်းအစဉ်အလာများကို အတော်အတန်များများ အသုံးပြုကြသည်။ အင်းသူအင်းသားသေဆုံးလျှင် အချို့ရေများရာအရပ်၌ ကျွန်းမျော၏ရေအောက်၌ မြှုပ်နှံကြပြီးလျှင် ရေနည်းသော ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း အရပ်များတွင်မူ၊ ကုန်းမြေသုသာန်၌ မြှုပ်နှံသင်္ဂြိုဟ်ကြပေသည်။

 

တစ်ရွာ၌ အလှူအတန်းရှိလျှင် အခြားရွာများက ရွာလုံးကျွတ် မိမိတို့ရိုးရာ မောင်းဆိုင်းဝိုင်းခေါ် အိုးစည်၊ လင်းကွင်း စသည့် အတီးအမှုတ်၊ အကအခုန်များဖြင့် သွားရောက်ကူညီလေ့ရှိကြသည်။ ဟဲယားရွာမခေါ် ရွာမကြီးတွင် ဘိုးဘေးလက်ထက်မှစ၍ ထင်ရှားသော လံစည်ဟုခေါ်သည့် သဘင်အကတစ်မျိုးရှိရာ အပြောအဆို၊ အပြင်အဆင်တို့သည် ထီးမူနန်းဟန်ပါ၍ နှစ်သက်ဖွယ်ကောင်းသည်။

 

 

ဝတ်စားဆင်ယင်ပုံတွင် အမျိုးသားများသည် များသောအားဖြင့် ရှမ်းဘောင်းဘီနှင့် တိုက်ပုံအင်္ကျီကို ဝတ်ဆင်ကြပြီးလျှင် မျက်နှာသုတ်ပဝါကို ခေါင်းပေါင်းထားလေ့ရှိကြသည်။ ဘောင်းဘီနှင့် တိုက်ပုံအင်္ကျီများ ကို အင်းလေးရက်ကန်းမှထွက်သော ဖျင်နီထည်များဖြင့် ချုပ်လုပ်ကြသည်။ အချို့ အင်းသားအဘိုးအိုများသည် ရှမ်းအမျိုးသားကြီးများကဲ့သို့ ရှမ်းဘောင်းဘီနက်ကြီးများကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် မြန်မာအမျိုးသမီးများကဲ့သို့ပင် ဝတ်ဆင်ကြရာ ဝတ်စားပြင်ဆင် ဆင်ယင်ထုံးဖွဲ့မှု၌ မြန်မာအမျိုးသမီးများကဲ့သို့ ခေတ်မီသော အင်းသူအမျိုးသမီးများစွာ ရှိနေပြီဖြစ်သည်။

 

အချုပ်ဆိုရလျှင် ရှမ်းပြည်နယ်လူမျိုးစုများအနက် အင်းသားလူမျိုးတို့သည် အခြားလူမျိုးများကဲ့သို့ သီးခြားဝတ်စားဆင်ယင်မှု မပြုကြပေ။ စကားပြောကွဲပြားသော်လည်း အရေးအသားမှာ မြန်မာစာအရေးအသားပင် ဖြစ်ပေသည်။ နှစ်စဉ်နှစ်တိုင်း ရောက်ရှိနေသော၊ တွေ့မြင်နေသော အင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များကို ဤဆောင်းပါးဖြင့် လေးစားဂုဏ်ပြုလိုက်ရပါတော့သည်။

 

ကိုးကားချက်

 

မြန်မာ့စွယ်စုံကျမ်း အတွဲအမှတ် (၁၅)