အင်းရိုးရာ မြေပဲနှမ်းထောင်း ခရမ်းချဉ်သီးအဆိမ့်သုပ်

အင်းရိုးရာဆိုတဲ့ အသံကြားလိုက်ရင်ဖြင့် အင်းလေးဒေသရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ တို့နှင့်အတူ ရေပြင်ကျယ်ထဲက အင်းလူမျိုးတို့ရဲ့ ထင်ရှားလှသည့် ဒေသထွက်ကုန်ပစ္စည်း တစ်မျိုးထဲမှာ မပါမဖြစ်ဆိုသလို ခရမ်းချဉ်သီးပင် စိုက်ခင်းတွေကိုပင် မြင်ရောင်လာပါတော့ တယ်။ ဥရောပစတိုင်ပဲဖြစ်ဖြစ်၊ ရိုးရာဟင်းပဲ ဖြစ်ဖြစ် စီမံချက်ပြုတ်ရာတွင် ခရမ်းချဉ်သီး ဟာ အများအားဖြင့် ပါတတ်ပါတယ်။

 

ခရမ်းချဉ်သီးမှာ ဗီတာမင်အေပါဝင်တာ ကြောင့်လည်း အမြင်အာရုံကို ကောင်းမွန် စေရုံသာမက အိပ်မပျော်တဲ့ ရောဂါရှိသူတွေ အတွက်လည်း ခရမ်းချဉ်သီးကိုစားသုံးခြင်း အားဖြင့် အိပ်ပျော်နိုင်ပါတယ်။

 

ထို့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် ပမာဏများစွာပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်စွမ်းရှိခြင်းတို့ကြောင့် ဆီးချို၊ သွေးချို ဝေဒနာရှင်များအတွက်လည်း သင့်လျော်ပါတယ်။ ဒါကြောင့် ယခုရာသီနဲ့ လိုက်ဖက်ပြီး ထမင်းနဲ့တွဲဖက်၍လည်းကောင်း ရေနွေးကြမ်းအမြည်းအဖြစ်ပါ သုံးနိုင်မယ့် အင်းရိုးရာမြေပဲနှမ်းထောင်း ခရမ်းချဉ်သီး အဆိမ့်သုပ်ကို ဖော်ပြပေးလိုက်ပါတယ်။ ထူးခြားတာက အသုပ်ဆိုတာနဲ့ ပဲမှုန့်ဘဲ သုံးကြတာပါ။ ဒီမှာတော့ ပဲမှုန့်အသုံးမပြုပါဘူး။ အနံ့အရသာအတွက်လည်း နံနံပင်ကို မသုံးဘဲ ပူစီနံကိုသာ အသုံးပြုတာကြောင့် ပူစီနံမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးပါတယ်။ စာဖတ်သူ မိဘပြည်သူ များလည်း ကျန်းမာသွက်လက် အလှမပျက်တဲ့ အင်းရိုးရာမြေပဲနှမ်းထောင်း ခရမ်းချဉ်သီး အဆိမ့်သုပ်ကို မြည်းစမ်းရင်းနှစ်သက်မယ် လို့ထင်ပါတယ်။

 

ပါဝင်ပစ္စည်းများ

 

ခရမ်းချဉ်သီး -အရွယ်လတ်သုံးလုံး


ကြက်သွန်နီ -အကြီးတစ်လုံး


ပူစီနံ -တစ်စည်း


မြေပဲဆန် -အနည်းငယ်


နှမ်းဖြူ -အနည်းငယ်


နှမ်းနက် -အနည်းငယ်


မြေပဲဆီ -နှစ်ဇွန်း


ငရုတ်သီးအကြော် -အနည်းငယ်


ဆား -အနည်းငယ်


ဟင်းခတ်မှုန့် -အနည်းငယ်

 

ပြုလုပ်နည်း

 

ခရမ်းချဉ်သီးမမှည့်တမှည့်ကို သန့်စင်အောင် ရေဆေးပြီး အစေ့ထုတ်ကာ ပါးပါးလှီးထားပါ။ တစ်ဆက်တည်း ကြက်သွန်နီကို အခွံသင်ပြီး ပါးပါးလှီးကာ သန့်စင်အောင်ရေဆေးပါ၊ ပူစီနံပင်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးဖြတ်ထားပါ။ လှော်ထားတဲ့ မြေပဲဆန်၊ နှမ်းဖြူ၊ နှမ်းနက်တို့ကို သက်သက်စီ ထောင်းထားကာ ဇလုံတစ်ခုထဲတွင် လှီးဖြတ်ထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပူစီနံတို့ကိုထည့်၍ ထောင်းထား သော မြေပဲဆန်၊ နှမ်းဖြူ၊ နှမ်းနက်ပါထည့်က အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ ငရုတ်သီးကြော်မှုန့် အနည်းငယ် မိမိကြိုက် နှစ်သက်တဲ့အရသာ အနေအထားမှာထားပြီး မြေပဲဆီထမင်းစားဇွန်း နှစ်ဇွန်းကို ရော၍ သမအောင် ဖွဖွလေး ရောနယ်သုပ်ပေးပါ။ အရသာမြည်းစမ်းပြီးရင်တော့ မြေပဲ နှမ်းထောင်း ခရမ်းချဉ်သီးအဆိမ့်သုပ်ကို သုံးဆောင်လို့ရပါပြီ။

 

ဖိုးမူလေး

 

52556911_2083825