အင်တာနက်ဒေတာကုန်ကျမှု သက်သာစေမည့် အကြံပြုချက်ခြောက်ခုကို တယ်လီနောထုတ်ပြန်

ရန်ကုန်   ဖေဖော်ဝါရီ   ၃

ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဆင်းကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန် ဝန်ဆောင်ခနှင့် အင်တာနက်ဒေတာ သုံးစွဲမှု အတွက် ဝန်ဆောင်ခနှုန်းထားများ မြင့်တက်လာရာ ဒေတာကုန်ကျမှုသက်သာစေမည့်အကြံပြုချက် ခြောက်ခုကို တယ်လီနောမြန်မာက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအချက်များမှာ

မိမိရှိပြီးသားဆင်းကတ်ကို ဂရုတစိုက်ဖြင့် ဆက်လက်သုံးစွဲရန်

အသစ်ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် ယခင်ပြဋ္ဌာန်းပြီးသားဖြစ်သည့် သက်သေခံကတ်ပြားတစ်ခုလျှင် မှတ်ပုံတင်နိုင်သည့် ဆင်းကတ် အရေအတွက် ကန့်သတ်ချက်ကြောင့် ဆင်းကတ်အသစ်များ ဝယ်ယူမည့်အစား လက်ရှိဆင်းကတ်ကိုသာ ဆက်လက်အသုံးပြုရန်။  

ဒေတာအတွေ့အကြုံကို အကောင်းဆုံး ရယူရန်

အော်ပရေတာများကြား ဒေတာအသုံးပြုခ ဈေးနှုန်းကွာဟမှု နည်းပါးလာသောကြောင့် ဒေတာ အတွေ့အကြုံ အကောင်းဆုံးရရှိရေးသည် သုံးစွဲသူများအတွက် ပိုမိုအရေးပါလာသဖြင့် အော်ပရေတာ ရွေးချယ်အသုံးပြုရန်နှင့် ကွန်ရက်ကောင်းသောနေရာမှ အသုံးပြုရန်။

ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုကို တတ်နိုင်သမျှ အသုံးပြုရန်

အင်တာနက်မှ ဗီဒီယိုကောလ် ခေါ်ဆိုခြင်းများအစား ဈေးနှုန်းပိုမိုသက်သာလာသည့် ပုံမှန်ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတိုပေးပို့မှုများကို ပြောင်းသုံးစဉ်းစားရန်၊ တယ်လီနောအသုံးပြုသူများအနေဖြင့် မကြာမီက တယ်လီနောမြန်မာက မိတ်ဆက်ခဲ့သည့်အင်တာနက်မလိုဘဲ အုပ်စုဖွဲ့ စာပေးပို့နိုင်သည့် စာတို စကားဝိုင်း(SMSSagar Wine) ဝန်ဆောင်မှုနှင့် Voice Conference Call ဝန်ဆောင်မှုများကို အသုံးပြုရန်။

တိုက်ရိုက်နားဆင်ကြည့်ရှုသည့်အစား ဒေါင်းလုပ်ပြုလုပ်ရန်

အွန်လိုင်းမှ သီချင်းနှင့် ဗွီဒီယိုများ တိုက်ရိုက်နားထောင်ကြည့်ရှုခြင်းအစား WiFi ရရှိစဉ်တွင် ဒေါင်းလုပ် ပြုလုပ်ထားရန်နှင့် ဈေးနှုန်းသင့်တင့်ပြီး တည်ငြိမ်သည့်အမြန်နှုန်းရှိကာ သတ်မှတ်ချက်များနှင့်အညီ ဒေတာအကန့်အသတ်မရှိသုံးနိုင်မည့် တယ်လီနော Home အင်တာနက် ကဲ့သို့ အင်တာနက်လိုင်းများကို အသုံးပြုရန်။

အော်တိုဒေါင်းလုပ်များနှင့် နောက်ကွယ်တွင် ဒေတာအသုံးပြုသည့် အက်ပ်များကို ပိတ်ထားရန်

ဒေတာကုန်ကျမှုနည်းစေရန် အက်ပ်များ၏ ဒေတာအသုံးပြုမှုကို စစ်ဆေးပြီး နောက်ကွယ်တွင် ဒေတာ အသုံးပြုမရအောင် ပိတ်ထားရန်၊ အက်ပ်များကို ဗားရှင်းမြှင့်တင်သည့်အခါ ဝိုင်ဖိုင်ဖြင့်သာ ပြုလုပ်ရန် ရွေးထားခြင်းဖြင့် မလိုအပ်သည့် ဒေတာအသုံးပြုမှုကို လျှော့ချရန်။

GPS အရေးမကြီးသည့် notifications များကို ပိတ်ထားရန်

ဖုန်းများပေါ်မှ တည်နေရာပြဝန်ဆောင်မှုများနှင့် notifications များသည် မိုဘိုင်းဒေတာများကို မသိလိုက်ဘဲ ကုန်ဆုံးစေနိုင်သဖြင့် ဒေတာအသုံးပြုမှု လျော့ကျစေရန်အတွက် ဖုန်း၏ GPS နှင့် အရေး မကြီးသော အက်ပ်များမှ notifications များကို ပိတ်ထား၍ အရေးကြီးသည့် အက်ပ်များအတွက်သာ notification ကို ဖွင့်ထားရန် စသည့် အချက်များဖြစ်သည်။

ကိုစိုး