အင်းတော်ကြီးအင်းအတွင်း ငါးကောင်ရေ သုံးသိန်း မျိုးစိုက်ထည့်ပေး

မိုးညှင်း   ၂၈  ဇူလိုင်

           

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊အင်းတော်ကြီးမြို့၊နန့်ပတဲကျေးရွာအရှေ့ဘက်တွင်တည်ရှိသည့် အင်းတော်ကြီး အင်းအတွင်း ယနေ့ နံနက်ပိုင်းက ငါးမျိုး(၃)မျိုးကောင်ရေသုံးသိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

           

ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံစေရေး၊ ငါးမျိုးပြုန်းတီးမှုမရှိစေရေး၊ ငါးသယံဇာတများပြန့်ပွားလာစေရေး စသည့်ရည်ရွယ်ချက်များနှင့် ဆည်မြောင်း၊ ရေလှောင်တမံများ၊ အင်းနှင့် သဘာဝရေပြင်များ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ငါးမြစ်ချင်း၊ ငါးဒိန်း၊ ငါးခုံးမကြီး စသည့် ငါးမျိုးသုံးမျိုးကောင်ရေ တစ်သိန်းစီကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလေးနိုင်နှင့် ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများက အင်းတော်ကြီးအင်းအတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

           

အလားတူ အင်းတော်ကြီးမြို့ လုံးတုံကျေးရွာရှိ တောင်သူ (၁၁)ဦး၏ လယ်ဧက(၅၀)အတွင်းသို့လည်း ငါးခုံးမကြီးကောင်ရေ(၂၅၀၀၀)ကို စပါးစိုက်ခင်းများအတွင်း မျိုးစိုက်ထည့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

                                                                                                                                   

ခရိုင်(ပြန်/ဆက်)