အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း (၃၉)ရွာရှိ ကျွဲ၊နွားများအား ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်

မိုးညှင်း    ၂၀    နိုဝင်ဘာ

 

မိုးညှင်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းတော်ကြီးဒေသရှိ ကျေးရွာပေါင်း (၃၉)ရွာရှိ ကျွဲ၊နွား ၇၀ ရာခိုင်နှုန်းကျော်အား ရောဂါကာကွယ်ဆေးထိုးနှံပေးသွား မည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စွာထွန်းက အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

 

အင်းတော်ကြီးဒေသရှိ ကျေးရွာများတွင်  နှစ်စဉ် ကျွဲ၊နွားများတွင်ဖြစ်ပွားတတ်သည့် ရောဂါများ ကြောင့် ကျွဲ၊နွား သေဆုံးမှုများဖြစ်ပေါ်လျက်ရှိရာ  ယခုနှစ်တွင်  ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ယခုလ ၁၇ရက်မှ ၂၅ရက်အထိ အပိုင်း (၃)ပိုင်းခွဲ၍ ပညာပေး ဟောပြောပွဲများ၊ ကုသရေး သင်တန်းများပေး၍ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်သည်။

 

 “အခုနန့်မွန်းမြို့မှာ ၁၇ရက်နေ့ကစပြီး သင်တန်းပေးတယ်၊ အဲဒီသင်တန်းသားတွေနဲ့ ကျွန်တော့ ဝန်ထမ်းတွေရယ် ပေါင်းပြီး ကာကွယ်ဆေးထိုးနေပြီ၊ ၁၉ရက်နေ့ ညနေအထိ ကျွဲနွား ၁၅၀ဝ ကာကွယ်ဆေး ထိုးပြီးပြီ၊ အခုက အင်းတော်ကြီးတောင်ဘက်ပိုင်းနဲ့ အရှေ့ဘက်ပိုင်းကို ကွင်းဆင်း နေတယ်၊ ၂၂ရက်နေ့ကိုအင်းတော်ကြီး အနောက်ဘက်ပိုင်းက ကျေးရွာတွေကို ဆက်လက် ကွင်းဆင်း သွားမယ်ဟု ဒေါက်တာကျော်စွာထွန်းကပြောသည်။

 

အင်းတော်ကြီးဒေသနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများသည် မိရိုးဖလာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြရာ ဒေသတစ်ခုလုံး အတိုင်းအတာအရ ခန့်မှန်း ကျွဲ၊နွားကောင်ရေ ၂၀ဝ၀ဝ ကျော် ရှိကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စာရင်း ဇယားများအရ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)