အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ကြေးရုပ်တုထားရန် နေရာမသတ်မှတ်ရသေး

မန္တလေး ၁၇ ဇူလိုင်

 

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ကြေးရုပ်တုအား အင်းဝမြို့ဟောင်းတွင်ထားရှိရန်အတွက် နေရာ မသတ်မှတ်ရသေးကြောင်း ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် ထံက သိရသည်။

 

သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တုအား သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားချက်ဖြင့် ထုလုပ်ခြင်းဖြစ်ပြီး၂၀၁၇ ခုနှစ် ဇွန်လထဲက စတင်ထုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇွန်လထဲက ထုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။

 

"ဆရာတော်ကြီး ပြောတဲ့နေရာဖြစ်တဲ့ မယ်နုအုတ်ကျောင်းအကွေ့က နေရာကို ဒေသခံတွေက  လက်မခံဘူး။ ဆရာတော်ကြီးပြန်လာမှ ဘယ်နေရာမှာ ထားမယ်ဆိုတာ တိတိကျကျသိရမယ်။ မြို့တည်တဲ့ ဘုရင်တွေကို ဂုဏ်ပြုချင်တဲ့ ဆန္ဒအနေနဲ့ ဆရာတော်ဘုရားကြီးက ပြုလုပ်တာ " ဟု ၎င်းက ပြောသည်။

 

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကို ကိုင်မြှောက်ထားသည့် ပုံစံဖြစ်ကာ ကြေး အလေးချိန်မှာ တန်ချိန် တစ်တန်ခွဲ ခန့်ရှိကြောင်း သိရသည်။

 

ရုပ်တုထုလုပ်ရာတွင် ပုဂံမြို့ဟောင်းနှင့် စစ်ကိုင်းမြို့တို့ရှိ  နံရံဆေးရေးပန်းချီများကိုလေ့လာ၍ အင်းဝခေတ် ဝတ်စား ဆင်ယင်မှုပုံစံကို ရယူခဲ့ရကြောင်း သိရသည်။

 

သူရိန်လင်း