အန်ကာယဉ်ကျေးမှုနယ်မြေဆီသို့ (အပိုင်း-၂)

သိပ္ပံစာရေးဆရာကိုကိုအောင်

(ယခင်တစ်ပတ်မှအဆက်)
ကမ္ဘောဒီးယားနိုင်ငံ စီယမ်ရိမြို့အနီးရှိ ကမ္ဘာကျော် Tonle Sap ရေကန်ကြီးအတွင်း၌ ရှိနေကြသော ရွေ့လျားရေပေါ် အိမ်များအနက် စားသောက်ဆိုင်နှင့် စတိုးဆိုင်ကို ပူးတွဲဖွင့်လှစ်ကာ ရောင်းချနေသော အရွယ်အစားအကြီးဆုံး ရေပေါ် စားသောက်ဆိုင်ကြီးတွင် တရုတ်အစားအစာနှင့် ကမ္ဘောဒီးယားရိုးရာ စားသောက်ဖွယ်ရာများ၊ ကမ္ဘောဒီးယား ဒေသထွက်ကုန်များ၊ ကမ္ဘောဒီးယားရိုးရာ လက်မှုပစ္စည်းများ၊ အုန်းသီးဖြင့် ပြုလုပ်ထားသော ပန်းပုရုပ်များ၊ မိကျောင်းသားရေဖြင့် ပြုလုပ်ထားသော အမျိုးသမီးကိုင် လက်ပွေ့အိတ်နှင့် လွယ်အိတ်အမျိုးမျိုး၊ ပိုက်ဆံအိတ်အမျိုးမျိုး၊ စားပွဲတင်အရုပ်အမျိုးမျိုး၊ မိကျောင်းသားရေခါးပတ် အမျိုးမျိုးကို ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ရေပေါ်စားသောက်ဆိုင်ကြီးတွင် အထူးစိတ်ဝင် စားဖွယ်ကောင်းသည်မှာ မိကျောင်းများကို မွေးမြူထားခြင်း နှင့် ဒေသမျိုးရင်းငှက်အမျိုးမျိုး၊ တွားသွားသတ္တဝါ အမျိုးမျိုး တို့ကို လှောင်အိမ်များအတွင်းထည့်သွင်းကာ ပြသထားခြင်းပင် ဖြစ်သည်။ မိကျောင်းများမွေးမြူထားခြင်းမှာ အသားစားရန် နှင့် အရေခွံကို လူသုံးကုန်ပစ္စည်းပြုလုပ်ရန်တို့ဖြစ်ပြီး အဓိကအားဖြင့် အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံသို့ အကောင်လိုက် တင်ပို့ရန်ဖြစ်ကြောင်းကိုလည်း စုံစမ်းသိရှိရသည်။

Tonle Sa ရေကန်ကြီးမှအပြန်
ဤသို့ဖြင့် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အဆိုပါ ရေပေါ်စားသောက်ဆိုင်ကြီးဆီသို့ ရောက်ရှိနေကြသည့် အခြားသော နိုင်ငံခြားသား ခရီးသည်များနှင့်အတူ ခေါင်မိုးထပ်သို့တက်၍ နေဝင်ဆည်းဆာအလှကို စောင့်ကြည့်သည်။ ညနေ ၅ နာရီခွဲခန့်တွင် Tonle Sa ရေကန်ကြီး၏ အနောက်ဘက် ရေပြင်နှုတ်ခမ်းစပ်အနီးသို့ နေလုံးကြီးက တဖြည်းဖြည်းချင်း နိမ့်ဆင်း ကျရောက်လာသည်မှာ အလွန်ပင် ကြည့်ကောင်းလှသည်။ ကုန်းမြေဒေသ၌ နေလုံးကြီး နိမ့်ဆင်းဝင်ရောက်သွားခြင်းထက် ဤမျှအပြောကျယ်လှသည့် ဧရာမ ရေကန်ကြီး၏ ရေပြင်နှုတ်ခမ်းစပ်၌ နေလုံးကြီး တဖြည်းဖြည်း နိမ့်ဆင်းဝင်ရောက်သွားခြင်းက ပို၍ဆွဲဆောင်မှုရှိပြီး ပို၍လည်း စိတ်ဝင်စားဖွယ် ကောင်းသည်။ ရေပြင်နှင့် နီးကပ်လာသည် နှင့်အမျှ ရေပြင်ထဲက နေလုံးကြီး၏ ပုံရိပ်နှင့် ရေပြင်ပေါ်မှ တကယ့်နေလုံးကြီး၏ ပုံသ္ဌာန်တို့ကို ယှဉ်တွဲမြင်တွေ့ရသည်မှာ သဘာဝတရားကြီး၏ ရှုမောဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင် ဖြစ်ပေတော့သည်။

နေဝင်သွားပြီဆိုသည်နှင့် တစ်ပြိုင်နက် နိုင်ငံခြားသား ဧည့်သည်များကို တင်ဆောင်ထားသည့် မော်တော်ဘုတ် အစီးရေများစွာ တို့သည် အဆိုပါ ရေပေါ်စားသောက်ဆိုင်ကြီးမှ အလျှိုအလျှို ထွက်ခွာသွားကြသည်။ Tonle Sap ရေကန်၏ ရေပြင်ကျယ်ကြီးမှ တစ်ဆင့် ဆိပ်ကမ်းသို့သွားရာ တူးမြောင်းတစ်လျှောက်တွင် မော်တော်ဘုတ်များ ရှေ့နောက်တန်းစီပြီး ခုတ်မောင်းနေကြသည့် မြင်ကွင်းကလည်း မထူးခြားလှသည့် တိုင်ကြည့်၍ အလွန်ကောင်းသည်။ ဤသို့ဖြင့် နိုင်ငံခြားသား များလိုက်ပါလာသော မော်တော်ဘုတ်များသည် နေဝင်ရီတရော အချိန်ကို ကျော်လွန်ကာ အမှောင်ထုကို ဖြတ်သန်းပြီးနောက် ဆိပ်ကမ်းဆီသို့ ဆိုက်ရောက်လာကြတော့သည်။ အဆိုပါ ဆိပ်ကမ်းတွင် ရပ်ထားခဲ့သော မိတ်ဆွေကိုမောင်မောင်၏ ကားဖြင့် စီယမ်ရိမြို့တွင်းသို့ ပြန်လည်မောင်းနှင် လိုက်ပါလာခဲ့ကြရာ မိနစ် ၄၀ ခန့်အကြာတွင် မြို့ထဲသို့ ပြန်လည်ရောက်ရှိကြသည်။

Kulim ဘူဖေးစားသောက်ဆိုင်ကြီး
တစ်ဆက်တည်းပင် ကိုမောင်မောင်က စီယမ်ရိမြို့၏ နာမည်အကြီးဆုံးသော ဘူဖေးစားသောက်ဆိုင်သို့ ပို့ဆောင်ပေးသည်။ Kulim Restauran ဟု အမည်ပေးထားသည့် ဘူဖေးစားသောက်ဆိုင်ကြီးတွင် ဥရောပအစားအစာ၊ တရုတ်အစားအစာ၊ က္ဘောဒီးယားရိုးရာ အစားအစာ အမျိုးပေါင်း တစ်ရာကျော်ကို ခင်းကျင်းပေးထားသလို ဧည့်သည်စုစုပေါင်း ခြောက်ရာကျော်ခန့် တစ်ပြိုင်တည်း သုံးဆောင်နိုင်အောင်လည်း စီစဉ် ခင်းကျင်းပေးထားသည်။ ထို့ထက်ပို၍ ထူးခြားသည်မှာ ဘူဖေးသုံးဆောင်နေသူ ဧည့်သည်များအားလုံး မြင်တွေ့နိုင်သည့် ဇာတ်စင်ကြီးတစ်ခုပေါ်၌ ကမ္ဘောဒီးယား ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက် ပေးနေခြင်းပင် ဖြစ်သည်။


ကမ္ဘောဒီးယား ရိုးရာအက
အစားအစာများက အမျိုးစုံလင်သလောက် တစ်ခုချင်းအားဖြင့်လည်း အရသာကောင်းမွန်လှသည့် အဆိုပါ ဘူဖေးစားသောက် ဆိုင်ကြီးတွင် ညစာသုံးဆောင်ရင်း ကမ္ဘောဒီးယားရိုးရာအကများကိုပါ စုံစုံလင်လင် ကြည့်ခွင့်ရသည့်အတွက် အမှတ်တရ ညချမ်းတစ်ည ဖြစ်ခဲ့ရသည်။ ရိုးရာဟန်လည်းမပျက်ဘဲ မြူးကြွသွက်လက်ပြီး ခေတ်မီသော ကကွက်ဆန်းများက နိုင်ငံခြားသား ဧည့်သည်များကို ထိုင်ရာမှ မထနိုင်အောင် ဆွဲဆောင်ထားလျက် ရှိသည်။ အမြင်မတော် မတင့်တယ်သော ပြကွက်၊ ကကွက်များ လုံးဝမပါဝင်ဘဲ က္ဘောဒီးယားနိုင်ငံသားတို့၏ ရှေးခေတ်အန်ကာယဉ်ကျေးမှုကို ထင်ဟပ်စေသည့် ကကွက်ဆန်းများဖြစ်၍ တီထွင်ဖန်တီးပေးကြသူများအား စိတ်ထဲက တလေးတစားချီးကျူးရင်း အသိအမှတ် ပြုမိလိုက်သည်။

မြန်မာနိုင်ငံတွင် လှည့်လည်ကပြနေကြသည့် လက်ရှိ နှစ်ပါးခွင်ကဲ့သို့ မင်းသားတစ်လက်ကို မင်းသမီး ၁၅ လက်လောက်က ဝန်းရံပေးနေရသည့် မင်းသားဦးစားပေး ကကွက်မျိုးမဟုတ်ဘဲ မင်းသား၊ မင်းသမီး၊ အမျိုးသား၊ အမျိုးသမီး အချိုးညီညီပါဝင်သည့် မြူးကြွသွက်လက်သော၊ ရှေးမူမပျက်သော ကကွက်ဆန်းများက ကမ္ဘောဒီးယားနိုင်ငံနှင့် ကမ္ဘောဒီးယားယဉ်ကျေးမှုကို ကမ္ဘာ့အလယ်၌ ထင်ရှားသိသာစေသည်။နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ဖိတ်ခေါ်လက်ကမ်းပေးလျက်ရှိနေသည်။ တစ်ခေါက်ရောက်ပြီးသော ခရီးသွားများအား နောက်ထပ်လာချင်အောင်လည်း ဆွဲဆောင်စည်းရုံးပေးနေကြသည်။

စီယမ်ရိညဈေး
Kulim ဘူဖေးစားသောက်ဆိုင်ကြီးတွင် တစ်နာရီခွဲခန့်ကြာအောင် ညစာသုံးဆောင်ရင်း ရိုးရာ ကကွက်ဆန်းများကို ကြည့်ရှု ခံစားပြီးနောက် မိတ်ဆွေကိုမောင်မောင်က စီယမ်ရိမြို့၏ နာမည်ကျော် ညဈေး (Night Market) ဆီသို့ ခေါ် ဆောင်သွားသည်။ အဆိုပါ ဈေးကြီးတွင် လှည့်လည်ကြည့်ရှု လေ့လာကာ အပြန်ခရီးအတွက် က္ဘောဒီးယားရိုးရာ အထိမ်း အမှတ် အဝတ်အထည်နှင့် အမှတ်တရ လက်ဆောင်များကို ဝယ်ယူဖြစ်ခဲ့သည်။ ညဈေးတွင် အချိန်နှစ်နာရီခန့်ကြာပြီး နောက် တည်းခိုနေထိုင်ရာ  Hotel Beyond Yangon သို့ ပြန်လည်ထွက်ခွာခဲ့သည်။ ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် တစ်နာရီခန့်အနားယူပြီး ရေချိုးသန့်စင်သည်။ ပြီးနောက် တစ်နာရီကျော်ကျော် စာဖတ်ပြီးနောက် အိပ်စက်အနားယူသည်။

နောက်တစ်နေ့ ဒီဇင်ဘာ ၁ ရက် နံနက်တွင်ဟိုတယ်၌ နံနက်စာသုံးဆောင်ရင်း ဟိုတယ်ပိုင်ရှင် ကိုမောင်မောင်တို့ မိသားစုနှင့် စကားပြောဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသူနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ပင် ရနေပြီဖြစ်သည့် ကိုမောင်မောင်သည် အိမ်ထောင်တစ်ခုကို ကောင်းစွာ ထိန်းကျောင်းပဲ့ကိုင်နိုင်သည့် အရည်အသွေးရှိ ကြောင်း စကားပြောရင်း ပို၍သိလာရသည်။ ကိုမောင်မောင်၏ ဇနီးဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသူသည်လည်း သဘောကောင်းပြီး နှစ်လိုဖွယ်ရှိသော အိမ်ထောင်ရှင်မကောင်းတစ်ဦး ဖြစ်သည်။

အန်ကာဝပ် ကျောင်းတော်သို့
ထိုအချိန်တွင်  Reception ၏ အခြားစားပွဲ၌ နံနက်စာ သုံးဆောင်နေကြသော အမျိုးသမီးနှစ်ဦးကို သတိပြုမိလိုက်သည်။ မြန်မာ အမျိုးသမီးများ ဖြစ်ကြောင်းသိရ၍ မိတ်ဆက်ကြရာ ရန်ကုန်မြို့မှ စီယမ်ရိသို့ တိုက်ရိုက်လာရောက် တည်းခိုကြသူများ ဖြစ်ကြောင်းနှင့် ရန်ကုန်မှ စီယမ်ရိသို့  Bangkok Transit  လေကြောင်းခရီးဖြင့် လာရောက်ခဲ့ကြကြောင်း၊ ၎င်းတို့ကလည်း စီယမ်ရိမြို့ရှိ ကမ္ဘာ့နာမည်ကျော် အန်ကာဝပ် (Angkor Wat) ကျောင်းတော်သို့ သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း သိလိုက်ရသည်။

ဟိုတယ်၌ နံနက်စာသုံးဆောင်အပြီး နံနက် ၉ နာရီခွဲခန့်တွင် ကိုမောင်မောင်၏ကားဖြင့် ဟိုတယ်မှအန်ကာဝပ် ကျောင်းတော်ဆီသို့ ထွက်ခွာခဲ့ကြသည်။ ကားပေါ်၌ ကမ္ဘောဒီးယားလူမျိုး Tourist Guide တစ်ဦး လိုက်ပါလာသည်။ သဘောကောင်းပြီး အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင် သည့် အဆိုပါတိုးရစ်ဂိုက်ကို မိတ်ဆွေဖြစ်သူ ကိုမောင်မောင်ကပင် စီစဉ်ခေါ်ယူပေးထားခြင်း ဖြစ်သည်။ ဦးစွာ အန်ကာ ယဉ်ကျေးမှုနယ်မြေသို့ ဝင်ရောက်လည်ပတ်ခွင့်လက်မှတ်ကို သတ်မှတ်ထားသည့် Ticket Booth ကြီး၌ သွားရောက် ဝယ်ယူရသည်။ အန်ကာယဉ်ကျေးမှု နယ်မြေကြီးအတွင်း၌ အန်ကာကျောင်းတော် (Angkor Wat) အပါအဝင် အန်ကာယဉ်ကျေးမှု အမွေအနှစ်များစွာ တည်ရှိနေသည်။

အန်ကာယဉ်ကျေးမှုနယ်မြေ
အဆိုပါနယ်မြေအတွင်း နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီ အတွင်း တစ်နေ့တာ လည်ပတ်မှုအတွက် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၇ ဒေါ်လာကို ကြိုတင်ပေးဆောင်ကြရသည်။ လက်မှတ်အရောင်းဌာနကြီးတွင် ကောင်တာများစွာ ခွဲပေးထားပြီး သက်ဆိုင်ရာ တိုးရစ်ဂိုက်များက စနစ်တကျ တန်းစီနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြသည်။ လက်မှတ် ဝယ်ယူမည့်သူသည် ကောင်တာရှေ့ရှိကင်မရာကို ကြည့်ရပြီး အဆိုပါကင်မရာက ရိုက်ယူ မှတ်တမ်းတင်ထားသော မိမိ၏ ဓာတ်ပုံကိုပါ တစ်ပါတည်းရိုက်နှိပ်ထားသည့် လက်မှတ်တစ်စောင်စီကို ရယူကာ မပျောက်ပျက်အောင် သေချာစွာ သိမ်းဆည်းထားကြရသည်။

အကယ်၍ အန်ကာယဉ်ကျေးမှုနယ်မြေအတွင်း လည်ပတ်နေရင်း လက်မှတ်ပျောက်ဆုံးခဲ့ပါက နောက်ထပ် ၃၇ ဒေါ်လာ ထပ်မံပေးဆောင်ကာ လက်မှတ်အသစ် ထပ်မံဝယ်ယူကြရသည်။ ထို့ပြင် သက်ဆိုင်ရာ လည်ပတ်ခွင့်လက်မှတ်ပေါ်၌ မိမိဓာတ်ပုံ ကိုပါ တစ်ပါတည်းရိုက်နှိပ်ထားသည့်အတွက် တစ်ဦးမှ အခြားတစ်ဦးထံသို့ လွှဲပြောင်းသုံးစွဲ၍ မရပေ။ အကြောင်းမှာ ယဉ်ကျေးမှု နယ်မြေအတွင်းရှိ တစ်နေရာသို့ ဝင်လိုက်တိုင်း လုံခြုံရေးဝန်ထမ်းများက လက်မှတ်ပါဓာတ်ပုံနှင့် ခရီးသည်တို့ကို တိုက်ဆိုင် စစ်ဆေးကြသောကြောင့်ပင် ဖြစ်သည်။ အလွန်ပင် စနစ်ကျလှသောကြောင့် မြန်မာတို့၏ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပုဂံညောင်ဦးဒေသ၌လည်း ထိုစနစ်မျိုးကို လျင်မြန်စွာ အကောင်အထည်ဖော်သင့်ကြသည်။

အန်ကာယဉ်ကျေးမှုနယ်မြေအတွင်း၌ ကျင့်သုံးနေသည့် စနစ်က ကောင်းမွန်ပြည့်စုံသောကြောင့် ခရီးသွားဧည့်သည်များထံမှ ရရှိသော နိုင်ငံခြားငွေများမှာ အလေ့အလွင့်မရှိသလို တစ်ကိုယ်ကောင်းဆန်ပြီး တစ်ကွက်ကျော် လုပ်စားနေသူ များကိုလည်း ထိရောက်စွာ ဟန့်တားထားရာရောက်သည်။

အန်ကာကျောင်းတော်ကြီး
အန်ကာယဉ်ကျေးမှုနယ်မြေအတွင်း ဝင်ရောက်လည်ပတ် ခွင့်လက်မှတ်များကို ဝယ်ယူပြီးသည့်အခါ ဦးစွာ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် အထင်ကရ အန်ကာကျောင်းတော်ကြီးဆီသို့ သွားရောက်ကြသည်။ အံ့ဩဘနန်း ကြီးကျယ်ခမ်းနား လှသော အန်ကာကျောင်းတော်ကြီးကို ကျုံးရေများက ပတ်လည်ဝိုင်းထားပြီး ခရီးသွားဧည့်သည်များက ကျုံးကို ဖြတ်သန်း၍ တည်ဆောက်ထားသော ရေပေါ်တံတားများ မှတစ်ဆင့် ကျောင်းတော်ကြီးဆီသို့ ခြေကျင်လျှောက်ပြီး သွားရောက်ကြရသည်။ ၁၄ ရာစုအတွင်းက တည်ဆောက်ထားခဲ့သည့် အန်ကာကျောင်းတော်ကြီးမှာ အဝေးမှမြင်ရစဉ် ကတည်းကပင် ခံ့ညားထည်ဝါလှ သည့်အတွက် ၁၄ ရာစု ကာလများက အန်ကာယဉ်ကျေးမှု မည်မျှထွန်းကား ဖွံ့ဖြိုးစည်ပင်ခဲ့သည်ကို ပညာမျက်စိဖြင့် မြင်နေရသည်။

ဧရာမ ကျောက်တုံးကျောက်စိုင်ကြီးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခဲ့သော အန်ကာကျောင်းတော်ကြီးသည် ကမ္ဘော ဒီးယားနိုင်ငံ၌ ဟိန္ဒူဘာသာထွန်းကားခဲ့သည့်က္ဘာသိ ပြယုဂ်တစ်ခုဖြစ်သလို မျက်မှောက်ခေတ် အင်ဂျင်နီယာပညာ ရှင်ကြီးများကပင် အံ့ဩချီးကျူးကြရသည့် ရှေးခေတ် အင်ဂျင်နီယာပညာများကို စုစည်းဖော်ပြရာ ကမ္ဘာကျော် အဆောက် အအုံကြီးတစ်ခုလည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၄ ရာစုမှသည် မျက်မှောက်ကာလအထိတိုင် သဘာဝဘေးအန္တရာယ်များကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည့်တိုင် အန်ကာကျောင်းတော်ကြီးက တုပ်တုပ်မျှပင်မလှုပ်ဘဲ တည်ငြိမ်ခန့်ညားစွာရှိနေဆဲ ဖြစ်သောကြောင့်ပင်။     ။