အွန်လိုင်းကနေ စာသင်တယ်ဆိုရင်

မမမေ

ကလေးလေးတို့အားလုံး ကျောင်းတွေလည်း မဖွင့်သေးတော့ ပျင်းနေမှာပဲနော်။ အချို့ ကလေး တွေကတော့ အွန်လိုင်းကနေ ကျောင်းအချို့ကို ဆက်သွယ်ပြီး ကျောင်းတက်နေကြပြီတဲ့။ အွန်လိုင်းကနေ စာသင်တယ်ဆိုတာ ကလေးတို့ အားလုံးနီးပါးတော့ သိကြမယ်လို့ မမကတော့ ထင်ပါတယ်။ ကလေးတွေကို ဆရာ ဆရာမတွေက အင်တာနက်ကို အသုံးပြုပြီး ဖုန်းတွေ၊ တက်ပလက်တွေကနေ စာတွေသင်ပေး ကြတာကို ပြောတာပါ။ မမတို့နိုင်ငံမှာ လည်း အွန်လိုင်းကနေ ကလေးတို့အတွက် သင်တန်းတွေမျိုးစုံပေါ်လာတာပေါ့။ မူကြို အရွယ်ကနေ အတန်းကြီးတဲ့အထိ စာတွေ သင်တာ၊ ဂီတတွေသင်တာ၊ ပန်းချီတွေ သင်တာအမျိုးမျိုးပဲ မြင်တွေ့နေရတယ်။ မတက်ဖူးသေးတဲ့ ကလေးလေးတို့လည်း ဗဟုသုတရသွားအောင်၊ တက်နေကြတဲ့ ကလေးတွေလည်း သိရှိသွားအောင် မမက အွန်လိုင်းမှာ စာသင်တဲ့အခါ လိုက်နာရမယ့် လောက၀တ်ကလေးတွေ အကြောင်းပြောပြလိုပါတယ်။

လူချင်းတွေ့တောင် မပြောရဲတာတွေ

အွန်လိုင်းမှာလည်း မပြောပါနဲ့

အချို့ကလေးတွေက အပြင်မှာ သိပ်ကို အေးကြတာပေါ့။ မိဘစကားရော၊ ဆရာ ဆရာမတွေစကားကိုပါ သိပ်ကို လိုက်နာကြတဲ့သူတွေတဲ့။ ဒါပေမယ့် အွန်လိုင်းသင်တန်းတွေကျရင် လူချင်း မတွေ့ရတဲ့အတွက် ဆရာတွေကို မလေး မစားပြောဆိုတာတွေ ရှိကြတယ်လို့ အွန်လိုင်းသင်ကြားနေတဲ့ ဆရာ တွေက ပြောကြတာ မမတော့ မကြာခဏ တွေ့နေရတယ်။ ကလေးတို့က သူများကို ထိခိုက်စေမယ့်စကားတွေကို အွန်လိုင်း မှာ စာသင်နေတုန်း မပြောဖြစ်အောင် ရှောင်ကြပါနော်။

မက်ဆေ့ချ်ကို မလိုဘဲ မပို့ပါနဲ့

အချို့ကလေးတွေက စာသင်နေတုန်း မက်ဆေ့ခ်ျတွေ၊ မှတ်ချက်ဘောက်စ်တွေ ကနေ ပုံလေးတွေ၊ စာတွေကိုမလိုဘဲ ပေးပို့ ကြသတဲ့။ အဲဒီလိုပို့လိုက်တဲ့အတွက် သင်ပေး နေရတဲ့ ဆရာတွေမှာရော၊ အတူတူသင်ယူ နေတဲ့သူတွေမှာပါ စိတ်အနှောင့်အယှက် ဖြစ်စေတာမို့ အဲဒီလိုအမူအရာတွေကိုလည်း ရှောင်ကြဉ်ဖို့လိုပါတယ်။

ဟာသတွေသိပ်မလုပ်ပါနဲ့

ကလေးတွေဟာ ကျောင်းမဟုတ်ဘဲ အိမ်ကနေ အွန်လိုင်းပေါ်တက်ပြီး စာသင် ကြတာက ပုံမှန်ကျောင်းသွားပြီး စာသင်တာ ထက် သင်ကြားရတာ ပိုမိုခက်ခဲပါတယ်။ အာရုံတွေကလည်း စာသင်ခန်းထဲမှာလို စုစု စည်းစည်း သိပ်မရှိဘူးပေါ့။ အချို့ကလေး တွေက အိပ်ပျော်နေကြပြီး အချို့ကလေး တွေက ဟာသတွေလျှောက်လုပ်နေကြ တယ်တဲ့။ အချို့ကလည်း ဖုန်းမျက်နှာပြင် ပေါ်ကနေ ရုပ်တွေပြောင်နေကြတာပေါ့။ စနောက်တဲ့အတွက် အခြားသူငယ်ချင်း တွေကလည်း ရယ်မောနေကြတာများလို့ စာသင်ဖို့အခက်အခဲ ဖြစ်စေတာပေါ့နော်။

စာလုံးပေါင်းတွေသတိထားပါ

စာလုံးပေါင်းတွေအပြင် စာရိုက်တဲ့အခါ မှားယွင်းမှုမရှိအောင် အတော်လေးသတိထား ရေးသားသင့်ပါတယ်။ အွန်လိုင်းကနေ စာသင်တယ်ဆိုတာ ကလေးတို့ကို နည်း ပညာတွေကိုပါ နားလည်အောင် သင်ပေး တာဖြစ်လို့ စာလုံးပေါင်းတွေ၊ သဒ္ဒါရေးထုံး တွေကိုလည်း သတိထားပြီး စနစ်တကျ ရေးသားသင့်ပါတယ်။ အွန်လိုင်းကနေ စာသင်ကြားတာက ခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အခုအချိန်ခါမှာ မမတို့နိုင်ငံ မှာလည်း ဖုန်းတွေကပေါလာပြီး အင်တာ နက်ကို လွယ်လွယ်ကူကူသုံးနေကြပြီလေ။ ကလေးတို့လည်း အခြားအကျိုးသိပ်မရှိတဲ့ အရာတွေကို ကြည့်နေမယ့်အစား အွန်လိုင်းကနေ ကိုယ်သိချင်၊ တတ်ချင်တဲ့အကြောင်း အရာတွေကိုရှာဖွေရင်း ဗဟုသုတတွေ ရပါစေလို့ မမက ဆုတောင်းပေးနေမယ်နော်။