အညာဒေသစာ တစောင်းဖူးဟင်းလျာ

အထက်အညာဘက်မှာသာရတတ်တဲ့ တစောင်းဖူးလတ်လတ်ကြီးတွေကို အိမ်မှာရုတ်တရက် တွေ့လိုက်ရလို့ အံ့ဩပြီးမေးကြည့်တော့ ရေနံချောင်းကမိတ်ဆွေတွေလူကြုံနဲ့ထည့်ပေးလိုက်လို့ ဒီမနက်ရောက်လာတာပါတဲ့။ တစောင်းဖူးက အညာဘက်ကထွက်တဲ့ အညာစာစစ်စစ်မို့ အောက်သူအောက်သား အတော်များများ ကတော့ စားဖူးကြမယ်။ စားကောင်းကြလိမ့်မယ်လို့တောင်ထင်မှာ မဟုတ်ပါဘူး။ ဈေးတွေထဲမှာ အများဆုံးတွေ့ ရတတ်တာက လက်ညှိုးလောက် အရွယ်ရှိတဲ့ ဆူးခက်လေးတွေနဲ့တူတဲ့ တစောင်းချဉ်အချောင်းကလေးတွေပါ။

 

တစောင်းဖူးကတော့ အပူပိုင်းဒေသတွေမှာပေါက်တဲ့ တစောင်းပင်ကရတဲ့အဖူးပါ။တစောင်းဖူးက ကြာဖူးနဲ့ ဆင်ဆင်တူလို့ တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးရယ်လို့လည်းခေါ်ကြပါသေးတယ်။ တစောင်းဖူးကို အပွင့်မပွင့်မီ အဖူးဘဝမှာ ခူးပြီးဟင်းလျာအဖြစ်စားသုံးကြပါတယ်။ ညအခါမှသာပွင့်တဲ့ကုမုဒြာကြာတို့၊ နဂါးမောက်သီးသီးတဲ့ နဂါးမောက်ပင်တို့က တစောင်းနွယ်ဝင်အပင်တွေဖြစ်လို့ အဖူးအပွင့်တွေက ဆင်ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။

 

တစောင်းဖူးက တစ်နှစ်မှာတစ်ခါသာမိုးရာသီအတွင်းမှာ ရတတ်တာမို့ ရာသီစာလို့ပြောရမှာပါ။ ဟင်းလျာအဖြစ် ကြော်စားချက်စားတဲ့အခါ မှိုအရသာလိုချိုတာမို့ အညာသူအညာသားများက တစောင်းဖူးကိုကြိုက်ကြတာပါ။ တစောင်းဖူးကို ကြော်ချက်ချက်မယ်ဆိုရင် ဦးစွာ အဖူးကို ထက်ခြမ်းခွဲပြီးအထဲကဝတ်ဆံတွေကို ဖယ်ရပါတယ်။ တချို့ကတော့ ဝတ်ဆံအပြင် ပွင့်ချပ်တွေကိုပါ ဖယ်ပစ်ပါတယ်။ ပွင့်ချပ်က အနည်းငယ်အချွဲဓာတ်ရှိလို့ပါ။ တစောင်းဖူးလတ်ရင်တော့မချွဲအောင် သင်ပြီးသားတွေကို တစ်နေလောက်ပြပြီးမှ ချက်ကြပါတယ်။

 

တစောင်းဖူးကြော်ချက် ချက်မယ်ဆိုရင်သန့်စင်ပြီး တစောင်းဖူးတွေကို ရေဆေးပြီးစစ်ထားပါ။ ဆီဒယ်အိုး ပူလာရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူ၊ နီထောင်းပြီးသားအရောကို ဆီသတ်ပါမယ်။ ကျက်လောက်ပြီ ဆိုရင်တော့ အသင့်စိတ်ထားတဲ့ ခရမ်းချဉ်သီး စိတ်တွေနဲ့အတူ မျှင်ငါးပိ၊ဆား၊နနွင်းထည့်ကာ အနှစ်ရအောင် ချက်ပါမယ်။ 

 

ဒယ်အိုးထဲက ဟင်းအနှစ်တွေ ဆီပြန်လာရင် ရေစစ်ထားတဲ့ တစောင်းဖူးတွေထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၊ လုံးရေအနည်းငယ်ထည့်ပြီး အဖုံးပိတ်ချက်ပါ။ဒယ်အိုးက ဆီဆူသံပေးလာရင် အဖုံးဖွင့်ကာအပေါ့ အငန်မြည်းပြီး ငရုတ်သီးစိမ်း လေးငါးတောင့်လောက် အညှာခြွေထည့်ပါ။ခရမ်းချဉ်သီး အနှစ်များများနဲ့ ထွေးထွေးအိအိလေးဖြစ်နေတဲ့ စားချင့်စဖွယ်တစောင်းဖူးကြော်ချက်ကို တွေ့ရ ပါလိမ့်မယ်။ တစောင်းဖူးက နူးညံ့တာမို့ ချက်ပြုတ်ရာမှာလွယ်ကူမြန်ဆန်ပါတယ်။ ဒေသစာများဟာ ထူးခြား ကွဲပြားတဲ့အရသာ ပေးစွမ်းတာမို့ဘယ်နေရာ၊ ဘယ်အရပ်ကိုပဲရောက်ရောက်လူမျိုးတိုင်း လူမျိုးတိုင်းက ကိုယ် နှစ်ခြိုက်တဲ့ ဒေသစာစားစရာလေးတွေကို စွဲလမ်းတမ်းတတတ်ကြတာဟာ ဆန်းမဟုတ်ပါလို့ ပြောချင်ပါတယ်။ 

 

စံလွင်(ငါးဦးစီး)