အညာမြေ၏ အလှဆုံးရှုခင်း စွန်ရဲအင်း

 

 

ကိုရွှေမန်း (မန္တလေးမြို့)

 

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ နတ်ရေကန်နှင့် ကူမဲငါးလုပ်ငန်းစခန်းများမှ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေခြောက်သိန်း ကို  ၉-၈-၂၀၂၂  ရက်တွင်  ကျောက်ဆည်ခရိုင်  စဉ့်ကိုင်မြို့နယ်အတွင်းရှိ အလှဆုံးရှုခင်းများ ပိုင်ဆိုင်ထားသည့် စွန်ရဲအင်းအတွင်းသို့ မျိုးစိုက်ထည့်ခဲ့ရာ လေကြောင်းရန် ကာကွယ်ရေးတပ်နယ်မှူး ဗိုလ်ချုပ်သိန်းထွေးက ဦးဆောင်ပြီး ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းဦးစီး ဌာနများမှလည်း သဘာဝရေပြင်ရေရိုးများတွင် ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိပြီး သယံဇာတ ပြန်လည်ဖြည့်ဆည်းရေးနှင့် ထိန်းသိမ်းကာကွယ်ရေး လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရသည်။

 

မြစ်တွင်းချောင်းကန် ဆည်တမံ  ငါးလျှံတိုးရေး မျိုးစိုက်ပေး

 

“မြစ်တွင်းချောင်းကန် ဆည်တမံ ငါးလျှံတိုး ရေးမျိုးစိုက်ပေး” ဟူသောကြွေးကြော်သံ ဆောင်ပုဒ်သည် ငါးလုပ်ငန်းဦးစီးဌာန၏ အဓိကကြွေးကြော်သံဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်လျက်ရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ သဘာဝရေပြင်များသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ၁၉၈၀-၁၉၈၁ ခုနစ်မှစ၍ စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီဖြစ်သည်။ ပင်လယ်ပြင်အတွင်း မျိုးစိုက်ခြင်းတွင် ဖမ်းဆီးသိမ်းယူရရှိသည့် သတ်မှတ်အရွယ်အစား (ဒေါင်လိုက် အလျား ၃ ဒသမ ၂လက်မ ကန့်လန့်အလျား ၂ ဒသမ ၄လက်မ အောက် ငယ်သောကဏန်းများကို ဒီရေတောများတွင် မျိုးစိုက်ခြင်းဖြင့်စတင်ခဲ့သည်။ ဒီရေတောများတွင် မျိုးစိုက်ခြင်းများကို ၂၀၀၆ ခုနှစ် အောက်တိုဘာလ တွင် တောင်ကုတ်မြို့နယ်က ကဏန်းကောင်ရေ ၁၂၀၀၀ ဖြင့် စတင်ခဲ့ကြောင်းတွေ့ရပြီး ၂၀၀၉-၂၀၁၀မှစ၍ ကဏန်းမျိုးစိုက်ခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ပင်လယ်ပြင်အတွင်း ငါး/ပုစွန်မျိုးစိုက်ခြင်းနှင့် ပတ်သက်၍ ရေငန်ပုစွန်မျိုးစိုက်ခြင်းကို ၁၉၉၆-၁၉၉၇ တွင် သံတွဲခရိုင် လုံးသာ သားပေါက်စခန်းမှ သားပေါက် ၃ ဒသမ ၅သန်း ဖြင့်လည်းကောင်း၊ ကကတစ်ငါးသား ပေါက်မျိုးစိုက်ခြင်းကို ၂၀၁၀ ပြည့်နှစ်တွင် သံတွဲခရိုင်မှ သားပေါက် ၁၄ သိန်းဖြင့်လည်းကောင်း၊ စတင် ဆောင်ရွက်ခဲ့ပြီး စပါးခင်းများအတွင်း ငါးမျိုး စိုက်ထည့်ခြင်းလုပ်ငန်းများကို ၂၀၀၃- ၂၀၀၄ ခုနှစ် တွင် စတင်ခဲ့ပါသည်။

 

၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစ၍ နှစ်စဉ်နှစ်တိုင်း သိန်းသန်းကုဋေချီသော ငါးမှုန်များ၊ ငါးသားပေါက်များကို မျိုးစိုက်ထည့်ခဲ့ရာမှ ရှင်သန်မှုပိုမို အားကောင်း​ထိရောက်သော နှစ်လက်မအရွယ် ငါးသားပေါက်များကို ၂၀၂၁- ၂၀၂၂ ခုနှစ်မှစ၍ မျိုးစိုက်ခဲ့ရာ ရေချို/ ရေငန်ငါးမျိုးစိတ်များနှင့် ရေငန်ပုစွန်သားပေါက်များကိုပါ မျိုးစိုက်ထည့်ခဲ့ သည်ကို တွေ့ရသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သားပေါက်ကောင်ရေသိန်းပေါင်း ၁၀၇၇ ဒသမ ၆၃၉ ကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ကာလတို ခြောက်လတွင် သိန်းပေါင်း ၄၁၄ ဒသမ ၀၆၅ ကို လည်းကောင်း မျိုးစိုက်ခဲ့ပြီး ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် သိန်းပေါင်း ၁၀၁၅ ဒသမ ၀၇၅ မျိုးစိုက်ထည့်မည် ဖြစ်ပါသည်။

 

ကမ္ဘာကြီး၏ အလှဆုံးရှုခင်းသာ

 

စွန်ရဲအင်းသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် စွန်ရဲရွာအနီးတွင်တည်ရှိပြီး မန္တလေးမြို့မှ လွယ်လင့်တကူ သွားရောက်နိုင်သဖြင့် ပြည်တွင်း ပြည်ပခရီးသွားများဖြင့် စည်ကားစပြုနေပြီဖြစ်သည်။ တောတောင် သဘာဝအလှများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး ရောက်ရှိလာသည့် ခရီးသွားများအား အညာဒေသ အပူဒဏ်ကို မေ့လျော့ သက်သာစေသည်အထိ ဆွဲဆောင်ညှို့ငင်အားကောင်းသည့် အင်းကြီးဖြစ်သည်ဆိုပါလျှင် အမွှမ်းတင်လွန်းသည်ဟု ဆိုကြပေလိမ့်မည်။ စွန်ရဲအင်း ရေပြင်အနှံ့ ပဒုမ္မာကြာများ ပြည့်နှက်နေသည့်အတွက် ကုမုဒြာကြာအင်းဟု လည်းကောင်း၊ ပဒုမ္မာကြာကန်ဟု လည်းကောင်း ခေါ်ဆိုကြပါသေးသည်။ မြန်မာမှုနယ်ပယ်တွင် ပဒုမ္မာရွှေကြာ၊ ကြာဖြူ၊ ကြာနီ ၊ ကြာညို၊ ကြာပြာ ဟူ၍ ကြာမျိုးငါးမည်ရှိကြောင်း ဖွင့်ဆိုပါသည်။ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ကန်ကြီး၊ အင်းကြီး များကို နတ်တို့ဖန်ဆင်းကြောင်း၊ နတ်ရေကန် အလားသဏ္ဌာန်တူကြောင်း ညွှန်းဆိုကြသည့် အတွက် ကြာမျိုးစုံသော စွန်ရဲအင်းကို နတ်ရေကန် ဟု ဆိုရပေလိမ့်မည်။ ဆရာတိုက်ကြည်၏ သမိုင်း ရနံ့သင်းကြိုင် လယ်တွင်းမြေမှ မြို့စဉ့်ကိုင် စာအုပ် ပါ ကဗျာဆရာ ဆည်းဆာမောင်ရေးသည့် စွန်ရဲအင်း ကဗျာလေးမှာ အင်းအလှကို ပေါ်လွင်စေပြီး ကြည်နူးဖွယ် တင်ပြလိုပါသည်။

 

စွန်ရဲအင်း

 

လေပြေငယ်သုတ်ပါလို့

ပုတ်လှိုင်း ငွေပြာပြာ

ယိမ်းနွဲ့ဗေဒါ

စွန်ရဲအင်းမှာ

ကြာပြာက အလှထူး။ ။

ပျော်မြူး ငါးမျိုးစုံနှင့်

ဖော့တောရုံ စိမ်းတင့်နုရယ်

အင်း အလှကြည်နူး ။ ။

ကြာပြာကို ငါခူးလို့

ချစ်ဦးကိုပန် မိုးနတ်မယ်ဟန်

ပုတုန်းနက်ဆံ ပျံကာလွင့်ကစား။ ။

အားမာန်ကုန် လေဟုန်ခွင်း----လို့

ရွှေဓာတ်တော် တောင်ခြေရင်း

ပိန်း နှင် လို့သွား။

 

နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခုတွင် စွန်ရဲအင်း၏ သဘာဝအလှတရားများကို တွေ့မြင်ကြရပြီးနောက် ပဒုမ္မာကြာများနှင့် တင့်တယ်လှပသော စွန်ရဲအင်း အဖြစ်နိုင်ငံကျော်ခဲ့ပြီး ပြည်တွင်း ပြည်ပခရီးသွားများ ရောက်ရှိလည်ပတ်ကြပါသည်။ အင်းရေပြင် ကြာပန်းခင်းအတွင်း ကြည်နူးနေသည့် ချစ်သူနှစ်ဦး နှင့်အတူ ရေနှင့်ကြာကို ဥပမာပေး၍ သီဆိုထားသည့် နောက်ခံတေးဂီတ သီချင်းစာသားများက ကန်၏ အလှကိုလည်းကောင်း၊ ချစ်သူနှစ်ဦးကို လည်းကောင်း ကိုယ်စားပြုနေပါသည်။

 

သီချင်းစာသားကို ဖတ်ရှုရုံမျှဖြင့် စွန်ရဲအင်း အလှကို တစ်စိတ်တစ်ပိုင်း အကဲခတ်နိုင်ပေလိမ့်မည်။ တေးသီချင်းစာသားမှာ ဤသို့ဖြစ်သည်-

 

“နေခြည်လဲ့ဖြာ ရွှေရည်ဝင်းဝါ ကမ္ဘာကြီးရဲ့ အလှဆုံးရှုခင်းသာ……။ ပန်းများသခင် အို ကုမုဒြာ လေသင့်ရာ မွှေးသင်းပျံ့ထုံစွာ၊ ရေကန်မှာကြာရှိမှ သဘာဝအလှတရား ပြည့်စုံလာ၊ အော်ဒီဥပမာ လောက တံထွာ၊ အချစ်ဆိုသော ဝိသေသ မောင့် သူငယ်ချင်းတွေသိစေရာ၊( ဆွတ်ချူမြန်းခွင့်လေး ပေးပါ ပန်ဆင်ပါချစ်ဦးအတွက် လက်ဆောင်ပါ၊ ဆွတ်ချူနမ်းခွင့်လေးပေးပါ မောင့်ချစ်သူ ကုမုဒြာ)၂ ဒီသီချင်းလေးနဲ့ နားလည်ပေးပါ ဟောဒီမှာကြည့်စမ်း ရေနဲ့ကြာ ဘဝလေးကို အားမကျဘူးလား ချစ်သူ သူငယ်ချင်းရာ” စွန်ရဲအင်းသည် ကမ္ဘာကြီး၏ အလှ ဆုံးရှုခင်းသာ တစ်ခုပင် ဖြစ်ပါတော့သည်။

 

ရှေးဟောင်းသမိုင်းဝင်စွန်ရဲအင်း

 

စွန်ရဲအင်းကို ရှေးဟောင်းသမိုင်းဝင်အင်းအဖြစ် ယုံကြည်လက်ခံထားပြီး ဓာတ်တော်ဘုရားသမိုင်းနှင့်ချိန်ညှိ၍ ဘုရားရှင် လက်ထက်တော်ကပင် တည်ရှိသောအင်းအဖြစ် အစဉ်အလာ ယုံကြည်မှု ရှိပါသည်၊၊ စွန်ရဲဟူသောအမည်ကို ပုဂံခေတ် ကျောက်စာများတွင် တွေ့ရကြောင်း၊ “စွန်ရဲ” ဆိုသည်မှာ မြန်မာစကားအစစ်ဖြစ်၍ “သားငါး ပေါများသည့်” ဒေသဖြစ်သည်ဟု အဓိပ္ပာယ်ရကြောင်း အင်းအနီးရှိ မင်းဧကရာဇ်ပိုင်လယ်မြေများကို စွန်ရဲလမိုင်းဟုခေါ်ဆိုကြောင်း ဆရာ တိုက်ကြည် (စဉ့်ကိုင်) ရေးသည့် သမိုင်းရနံ့သင်းကြိုင် လယ်တွင်းမြေမှ မြို့စဉ့်ကိုင်စာအုပ်တွင် ဖော်ပြထား ပါသည်။ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းအစပ် ဓာတ်တော်တောင်နှင့် အရှေ့မြောက်ဘက်ရှိ ကိန္နရီ တောင်များရှိ ချောင်းမြောင်းများမှ ရေများစီးဆင်း ဝင်ရောက်သည့် ကုန်းတွင်းအင်း ဖြစ်ပါသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှစ၍ တည်ဆောက်ခဲ့သော သင်းတွဲလက်တံမြောင်း၏ ရေဆုံးရေဖျားတွင်တည်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပုဂံခေတ်မှစ၍ အရေးပါထင်ရှားသည့် အင်းဖြစ်ပါသည်။ ပတ်ဝန်းကျင် ကျေးရွာခုနစ်ရွာ၏ မိုးစပါး၊ နွေစပါးစိုက်ဧက ၁၅၀၀ ခန့်ကို ရေပေးဝေစိုက်ပျိုးလျက်ရှိသဖြင့် ငါးလုပ်ငန်း သာမက စိုက်ပျိုးရေးအတွက်ပါ အရေးပါသော အင်းဖြစ်သည်။

 

စွန်ရဲအင်းသည် ဌာနဆိုင်ရာ မှတ်တမ်းများအရ ရေပြင်အကျယ်ဧက ၁၄၆၀ ၊ အနက်ကိုးပေ၊ ကန် ပေါင်အလျား တစ် ဒသမ နှစ်မိုင်၊ ကန်ပေါင်ထိပ် အကျယ် ၁၂ ပေ၊ ကန်ပေါင်အမြင့် ၁၄ ပေ၊ ရေပိုလွှဲ အလျားပေ ၈၀၊ ရေထုတ်ပြွန်တစ်ခု၊ တူးမြောင်း အလျား ငါး ဒသမ ခြောက်မိုင်၊ ရေသောက်ဧရိယာ ဧက ၃၄၀၀ ရှိပါသည်။

 

လေလံအင်းမှ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်သို့

 

အင်းအဖြစ် စတင်သတ်မှတ်သည့် ခုနှစ်ကို အတိအကျ မသိရသေးသော်လည်း အင်းမြေပုံ အထောက်အထားအရ ၁၉၅၉ ခုနှစ်တွင် လေလံ ရောင်းချနေပြီဖြစ်ကြောင်းတွေ့ရသည်။ ၁၉၈၉- ၁၉၉၀ ပြည့်နှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ငါးလုပ်ငန်းဦးစီးဌာနသို့ လေလံအင်းအဖြစ် လွှဲပြောင်းပေးခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနမှလည်း လေလံအင်းအဖြစ် ရောင်းချခဲ့ကြောင်း မှတ်တမ်းများတွေ့ရသည်။ မှတ်တမ်းများအရ ၁၉၈၉- ၁၉၉၀ ပြည့်နှစ်တွင် စွန်ရဲရွာနေ ဒေါ်ချောမဆိုသူက အင်းလေလံကြေးကျပ်  ၂၀၀၀၀ ဖြင့်လည်းကောင်း၊ ၂၀၀၇- ၂၀၀၈ ခုနှစ်တွင် မြစ်ငယ်မြို့နေ ဦးမြင့်ဝေက ငွေကျပ် ၁၀၃၆၆၀၀ဖြင့် လည်းကောင်း ဝယ်ယူခဲ့ကြောင်း တွေ့ရသည်။

 

စွန်ရဲအင်းကို သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသို့ ညှိနှိုင်းတောင်းခံခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနသို့ ၁-၄-၂၀၀၈ နေ့တွင် လွှဲပြောင်းပေးခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က အမိန့်ကြော်ငြာစာအမှတ် - ၈/၂၀၀၈ ဖြင့် စွန်ရဲအင်းအား သီးသန့်အင်း( RESERVED FISHERY ) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒြပ်ပစ္စည်း သိပ္ပံ သုတေသနဌာနမှ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ် စဉ် (၂၁/၂၀၁၈) ဆုံးဖြတ်ချက်အရ စွန်ရဲအင်းအား ကျောက်ဆည်ခရိုင် စီမံခန့်ခွဲမှုကော်မတီ၏ အုပ်ချုပ်မှုအောက်တွင်ထား၍ သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။

 

ငါးလုပ်ငန်းမှတ်တမ်းများ

 

စွန်ရဲအင်း၏ ရေပြင်အနေအထား မှတ်တမ်းများအရ အင်းဂရန်ကိုင် ဒေါ်ချောမလက်ထက် ၁၉၈၉-၁၉၉၀ ပြည့်နှစ်တွင် အင်းရေအများဆုံးအချိန်တွင် ရေပြင် ၁၃၈၂ ဧက၊ အနက် ၁၈ပေ၊ အင်းရေအနည်း ဆုံးအချိန် ရေပြင်ဧက ၆၀၀၊ အနက်ကိုးပေ၊ ငါးဖမ်း လုပ်ကိုင်နိုင်သော ရေပြင်ဧက ၁၀၀ မှ ၃၀၀၊ အင်းဂရန်ကိုင် ဦးမြင့်ဝေလက်ထက် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှ ၃၁-၃-၂၀၀၈ အထိနှစ်တွင် အင်းရေ အများဆုံးအချိန်တွင် ရေပြင် ၁၃၈၂ ဧက၊ အနက် ၁၈ ပေ၊ အင်းရေအနည်းဆုံးအချိန်ရေပြင်ဧက ၆၀၀ အနက်ကိုးပေ၊ ငါးဖမ်းလုပ်ကိုင်နိုင်သောရေပြင် ဧက ၆၀၀ မှ ဧက ၁၂၅၀ ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်ထက် (၁-၄-၂၀၀၈ ခုနှစ်မှ ၂၈-၈-၂၀၁၁)ခုနှစ်တွင် အင်းရေအများဆုံးအချိန်တွင် ရေပြင် ၁၃၈၂ ဧကအနက် ၁၁ ပေ၊ အင်းရေအနည်းဆုံးအချိန် ရေပြင် ဧက ၃၀၀ အနက်သုံးပေ၊ ငါးဖမ်းလုပ်ကိုင်နိုင်သော ရေပြင်ဧက၂၅၀ မှ ၅၀၀ တို့ဖြစ်သည်။

 

အင်းရေပြင်မှတ်တမ်းများအရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်တွင် အင်းပြုပြင်မှုအပိုင်း အားနည်းသွားကြောင်းကို စွန်ရဲ အင်းရေပြင် အနေအထား မှတ်တမ်းအရ သိရှိရပေသည်။ ငါးထုတ်လုပ်မှုတွင် ဒေါ်ချောမ တစ်နှစ် ပျမ်းမျှပိဿာ ၂၀၀၀၀၊ ဦးမြင့်ဝေ တစ်နှစ်ပျမ်းမျှ ပိဿာ ၁၄၅၀၀၀၊ သိပ္ပံနှင့် နည်းပညာ တစ်နှစ်ပျမ်းမျှ ၃၁၈၇၇ ပိဿာတို့ဖြစ်သည်။ ယခင်အင်းဂရန်ကိုင်များ လက်ထက်တွင် အင်းအားပြုပြင်ခဲ့ခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများမရှိဘဲ သဘာဝတိုင်း ဖမ်းဆီးလုပ်ကိုင်ခဲ့ကြောင်း တွေ့ရပြီး၊ ဂရန်ကိုင် ဦးမြင့်ဝေလက်ထက်တွင် အင်းပြုပြင်ခြင်း၊ ငါးမျိုးစိုက်ထည့် ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် ငါးအထွက်နှုန်း ကောင်းမွန်ခြင်း၊ ငါးနေငါးထိုင်တောများ ကျယ်ပြန့် လာခြင်းတို့ကို တွေ့ရသည်။ သို့ဖြစ်၍ အင်းများကိုပြုပြင်စောင့်ရှောက်ခြင်းသည် အရေးကြီးသော ဆောင်ရွက်ချက် ဖြစ်ပါသည်။ ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးခုံးမ၊ ငါးဖယ်၊ ငါးဖန်းမ၊ ငါးမြွေထိုး၊ တီလား ပီးယား၊ ငါးစင်ရိုင်း၊ ငါးဖျင်းသလက်၊ ငါးပနော်၊ ငါးပြေမ၊ ပုစွန်၊ ငါးဘဲဖြူ စသည့် သဘာဝငါးများနှင့် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးသိုင်းခေါင်းပွစသည့် မွေးမြူ ရေးငါးများကို ဖမ်းဆီးရရှိသည်။ ငါးဖမ်းကိရိယာ အမျိုးအစားများမှာ တန်းပိုက်များ၊ မြှုံးများနှင့် ကွန်များဖြစ်သည်။

 

ကြာချည်လုပ်ငန်း

 

စွန်ရဲအင်းရှိ ပဒုမ္မာကြာများကို ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်တွင် ရှမ်းပြည်နယ်မှ ဓနုတိုင်းရင်းသူ ဒေါ်မိငယ် ရောက်ရှိလေ့လာခဲ့ပြီးနောက် ဓနု တိုင်းရင်းသား ၃၀ အင်းလေးဒေသခံ ၄၀ တို့ ကြာချည်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။ ဒေသခံများကို ဆက်လက်သင်ကြားပေးခဲ့ပြီး ယခုအခါ ကြာပင်ရိတ်သည့် စက်လှေ ၃၀ ခန့်၊ ကြာချည် ထုတ်လုပ်သူ ၈၀ ခန့် လုပ်ကိုင်လျက်ရှိသည်။ စွန်ရဲအင်းအတွင်း ကြာပင်ပေါက်သောဧရိယာမှာ ဧက ၅၀၀ ခန့်ရှိကြောင်း သိရသည်။ ကြာချည်လုပ်ငန်း မှာ အမျိုးသမီးများအတွက် အိမ်တွင်းမှုလုပ်ငန်း ဖြစ်ပြီး တစ်ဦးလျှင်တစ်ရက် နှစ်ကျပ်သားခန့် ထုတ်လုပ်နိုင်ပြီး နေ့စဉ်ဝင်ငွေကျပ် ၈၀၀၀ ခန့် ရရှိ နိုင်ပါသည်။ ရရှိသော ကြာချည်များကို အင်းလေးဒေသသို့ တင်ပို့ရောင်းချခြင်းဖြစ်ပြီး ကြာသင်္ကန်းနှင့် လက်ဆောင်ပစ္စည်းများ ရက်လုပ်ရာတွင် အသုံးပြုသည်။ တစ်နှစ်လျှင် ကြာချည်ပိဿာ ၄၀၀ မှ ၄၅၀ ဝန်းကျင်ထွက်ရှိသည်။

 

စားသောက်ဆိုင်လေးများ

 

စွန်ရဲအင်းသို့ ရောက်ရှိပါက အင်းစောင်းရှိ စားသောက်ဆိုင်လေးများတွင် အနားယူရန် တိုက်တွန်းရမည်ဖြစ်သည်။ အင်းအတွင်းမှ ထွက်ရှိသည့်လတ်ဆတ်သော ငါးကြော်တစ်ပွဲ၊ ပုစွန်ကြော် တစ်ပွဲ၊ ငါးသံပရာပေါင်းတစ်ပွဲ၊ ကြာဖက်လိပ်သုပ် တစ်ပွဲ၊ ထမင်းဖြူငါးပွဲတို့အား ငွေကျပ်တစ်သောင်း နှစ်ထောင်ဝန်းကျင်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင် မည်ဖြစ်သည်။ လူကြိုက်အများဆုံး ဟင်းလျာမှာ ငါးသံပရာပေါင်းနှင့် ကြာဖက်လိပ်သုပ် ဖြစ်ပါသည်။ ဒေသထွက်များဖြင့် ဖန်တီးထားသည့် ရိုးရှင်းသော လက်ရာလေးများ ဖြစ်ပါသည်။

 

ဖိတ်ခေါ်ပါရစေ စွန်ရဲမြေ

 

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ရန်ကုန် မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၄၀၆/၄ ဘယ်လင်းကျေးရွာမှ ခုနစ်မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အလွယ်တကူ လာရောက်နိုင်ပါသည်။ စွန်ရဲအင်းခရီးနှင့်အတူ ကျောက်ဆည်ရွှေသိမ်တော် ဘုရား၊ ကျောက်ဆည်တောင်ဘုရားစေတီများ၊ ဓာတ်တော်တောင်ဘုရား၊ မက္ခရာမြို့ဟောင်းရှိ ဘုရားပုထိုးများ၊ ပလိပ်မြို့ပေါ်တော်မူ ဘုရားများ၊ စခန်းမဝေးသည့် မြို့မန္တလေး၊ မြို့အမရပူရ၊ ရွှေအင်းဝနှင့် ပန်းမြို့တော် ပြင်ဦးလွင်ဆီသို့ ခရီးစဉ် ဆက်နိုင်ပါသေးသည်။ သို့ဖြစ်၍ ရှေးနှစ်ပေါင်းများစွာ ကပင် ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် နှစ်ပေါင်းကာလကြာရှည်စွာ လုပ်ကိုင်စားသောက်ခဲ့ကြရသော ဘိုးဘွားတို့၏ လက်ဆင့်ကမ်း အမျိုး သားအမွေအနှစ် (National Heritage) တစ်ရပ် ဖြစ်သည့် အညာမြေ၏ အလှဆုံးရှုခင်း စွန်ရဲအင်းသို့ လာရောက်လည်ပတ်ရင်း သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်ပါရန် ဖိတ်ခေါ်ရင်း နိဂုံးချုပ် အပ်ပါသည်။