အနုပညာဂုဏ်အင်စုံလင် မြန်မာ့ရုပ်ရှင်

၄ မတ်

 

ရုပ်ရှင်သည် ခံစားမှုနှင့်နည်းပညာပေါင်းစပ်ထားသော ဆန်းကြယ်သော ပညာရပ်ဖြစ်သည်။ ရုပ်ရှင်ပေါ်ဦးစမှ ယနေ့မျက်မှောက်ကာလအထိ ထိုပညာရပ်သည် လူသားအားလုံးတို့ကို ဆွဲဆောင်ဖမ်းစားနေဆဲဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်အနုပညာကဏ္ဍမှ ကမ္ဘာ့လူသားများအား ကောင်းမွန်သော၊ ဆန်းပြားသော အနှစ်သာရများ ပေးစွမ်းနိုင်အောင် ကျန်ရစ်စေအောင် အစဉ်ကြိုးပမ်း အားထုတ်လျက်ရှိသည်။

 

ကမ္ဘာ့ရုပ်ရှင်သည် ၁၉ ရာစုနှောင်းပိုင်းတွင် စတင်ပေါ်ထွန်းခဲ့ပြီး မြန်မာ့ရုပ်ရှင်သည် ၂၀ ရာစုဆန်းပိုင်းတွင် စတင်ဖြစ်တည်လာခဲ့သဖြင့် မြန်မာ့ရုပ်ရှင် ခေတ်ဦးသည် ကမ္ဘာနှင့်ရင်ပေါင်တန်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်ကို လန်ဒန်အတ်ဦးအုန်းမောင်က ၁၉၂၀ ပြည့်နှစ် နှစ်လယ်တွင် ဝိုင်အမ်ဘီအေအသင်းခေါင်းဆောင် ဦးထွန်းရှိန်၏ ဈာပနအခမ်းအနားကို ရုပ်ရှင်ဖြင့် မော်ကွန်းတင်နိုင်ခဲ့သည်။ ထိုဈာပနာသတင်းကား အောင်မြင်သည်နှင့် မေတ္တာနှင့်သူရာ ရုပ်ရှင်ဇာတ်ကားကို အပြီးတိုင်ရိုက်ကူးပြီး ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် ရုံတင်ပြသရာ အဆိုပါ ဇာတ်ကားပြသခဲ့သည့်နေ့သည် မြန်မာ့ရုပ်ရှင်နေ့ ဖြစ်လာခဲ့သည်။

 

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့ရုပ်ရှင်သည် နှစ် ၁၀၀ ပြည့် အခင်းအကျင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ သက်တမ်းကာလအတွင်း ရုပ်ရှင်သည် မြန်မာပြည်သူလူထုအပေါင်းတို့အား ပျော်ရွှင်မှု၊ ကြည်နူးမှု၊ ချမ်းမြေ့မှု၊ ရွှင်လန်းမှု၊ တက်ကြွမှု၊ ခံစားနားလည်မှု စသည့်ရသမျိုးစုံတို့ကို ပေးစွမ်းနိုင်ခဲ့သည်။ စာပေ၊ အနုပညာ၊ စက်မှု၊ နည်းပညာ၊ ဖန်တီးမှုစသည့် ပညာရပ်များပေါင်းစုကာ ရုပ်ရှင်ကြည့်ပရိသတ်များ၏ နှလုံးသားတွင် အသိအမြင်များစွဲထင်ကျန်ရစ်ခဲ့သည့် မြန်မာ့ရုပ်ရှင် သမိုင်းကို ယခုကဲ့သို့ နှစ် ၁၀၀ ပြည့်ကာလတွင် မှတ်မှတ်ထင်ထင် ဂုဏ်ယူအသိအမှတ်ပြုရမည်ဖြစ်သည်။ ဖျော်ဖြေမှုလည်းပါ အနုပညာလည်းမြောက်ပြီး နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသည့် ရုပ်ရှင်ဇာတ်ကားကောင်းများကို ကျွန်ုပ်တို့ပြည်သူများက ယနေ့ထက်တိုင်မမေ့နိုင် အသိအမှတ်ပြုနေကြဆဲ ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားကောင်းများ ပေါ်ထွန်းရေးတွင် ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ဝိုင်းတော်သားအားလုံးတို့၏ ထိမိပြောင်မြောက်စွာ စွမ်းဆောင်ဖန်တီးပေးခဲ့မှုများကို ထိုရုပ်ရှင်များပြသခဲ့သည့်ကာလမှ ယနေ့ ထက်တိုင်အောင် ပြည်သူလူထုပရိသတ်အပေါင်းတို့က ချီးကျူးထောမနာ ပြုလျက်ရှိနေကြပါသည်။

 

ဖျော်ဖြေမှုလည်းပါ အနုပညာလည်းမြောက်ပြီး နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသည့် ရုပ်ရှင်ဇာတ်ကားကောင်းများကို ကျွန်ုပ်တို့ပြည်သူများက ယနေ့ထက်တိုင်မမေ့နိုင် အသိအမှတ်ပြုနေကြဆဲ ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားကောင်းများ ပေါ်ထွန်းရေးတွင် ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ဝိုင်းတော်သားအားလုံးတို့၏ ထိမိပြောင်မြောက်စွာ စွမ်းဆောင်ဖန်တီးပေးခဲ့မှုများကို ထိုရုပ်ရှင်များပြသခဲ့သည့်ကာလမှ ယနေ့ထက်တိုင်အောင် ပြည်သူလူထု ပရိသတ်အပေါင်းတို့က ချီးကျူးထောမနာ ပြုလျက်ရှိနေကြပါသည်။

 

လောကသင်္ခါရ သဘောတရားအရ ကုန်လွန်ခဲ့သော နှစ် ၁၀၀ ကာလအတွင်း ရုပ်ရှင်အနုပညာဖန်တီးခဲ့ကြသော ပုဂ္ဂိုလ်အပေါင်းတို့သည်တရွေ့ရွေ့ ကြွေလွင့်ခဲ့ကြပြီးဖြစ်သော်လည်း မြန်မာ့ရုပ်ရှင်ဇာတ်လမ်းကောင်းများနှင့် ရုပ်ရှင်အနုပညာကို ပြောင်မြောက်အောင် ဖန်တီးကြသည့် အနုပညာရှင် အားလုံးတို့မှာ ရှင်သန်လင်းလက်နေဆဲဖြစ်သည်။ ၎င်းတို့ကို မျက်မှောက် ကာလကဲ့သို့ ထူးခြားသော မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကာလ၌ မှတ်တမ်းတင် ဂုဏ်ပြုကြရမည်ဖြစ်သလို ယနေ့ရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့ကလည်း ဆက်လက်ဂုဏ်ပြု မြတ်နိုးနှစ်သက်ကြလိမ့်မည် ဖြစ်သည်။

 

အများပြည်သူတို့၏ စိတ်နှလုံးသားကို သိမ်းကျုံးလှုပ်ကိုင်နိုင်သော သမိုင်းဝင်သည့် မြန်မာ့ရုပ်ရှင်သည်အနုပညာဖြင့် ပြည်သူတို့ကို အလုပ်အကျွေး ပြုခဲ့သည်မှာ မှန်ပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုနိုင်အောင် တစ်တပ်တစ်အား အနုပညာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။ ခေတ်ကို ထင်ဟပ်ဖော်ညွှန်းပြသနေသော အနုပညာဖန်တီးမှုများနှင့် မြန်မာ့ ယဉ်ကျေးမှုအနုပညာရပ်ကို ထိန်းသိမ်းမှုများသည် နှစ် ၁၀၀ မှ နှစ်ပေါင်း ရာထောင်ချီ အဓွန့်ရှည်တည်တံ့နေမည်ဟု ယုံကြည်ပါသည်။ 

 

သို့ဖြစ်ရာ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် သက်တမ်းကာလအတွင်းက အကောင်းဆုံးဖော်ညွှန်းတင်ဆက်ခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် အနုပညာရှင်များကို ဂုဏ်တင်သောအားဖြင့် မျက်မှောက်ကာလ၊ အနာဂတ်ကာလများတွင် ဖျော်ဖြေမှုလည်းရောက်၊ အနုပညာလည်းမြောက်ပြီး နိုင်ငံနှင့် ပြည်သူကိုအကျိုးပြုမည့် ပြောင်မြောက်သော ရုပ်ရှင်အနုပညာရှင်များ၊ အဆင့်အတန်းမြင့်မားသော မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းများ ဆက်လက်ပြန့်ပွား ထွန်းကားလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ