အနုပညာလုပ်အားနဲ့ ပြည်သူကိုပြန်ပြီးတော့ ကူညီထောက်ပံ့ချင်တယ်

သရုပ်ဆောင် အကယ်ဒမီ နေတိုး

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီထံ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဧပြီ ၅ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ အဆိုပါ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။

 

ဒီနေ့အခမ်းအနားက နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းကနေ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်နိမိတ် နှင်းဆီဆိုတဲ့အငြိမ့်ကို ကပြဖျော်ဖြေခဲ့တဲ့ ရန်ပုံငွေဖျော်ဖြေပွဲက နေရရှိတဲ့ ငွေကျပ် သိန်း ၆၅၀ ကို ကျွန်တော်တို့ အမေစုဆီမှာ လာရောက်ပြီး လှူဒါန်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေရဲ့ ဒီနိုင်ငံအပေါ်မှာ ကျွန်တော်တို့ဟာ လိုအပ်ရင်လိုအပ်သလို ကျွန်တော်တို့ရဲ့ အနုပညာလုပ်အားနဲ့ ပါဝင်ပြီး လှူဒါန်းတဲ့ သဘောဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ အဲဒါကြောင့် အနုပညာလုပ်အားနဲ့ ပြည်သူကိုပြန်ပြီးတော့ ကူညီထောက်ပံ့ချင်တယ်။ နောက်ပြီးတော့ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ ဒီလိုမျိုးအလှူပွဲလေးတွေနဲ့ ကျွန်တော်တို့ အနုပညာရှင်တွေ ပေါင်းစုတဲ့ ဒီလိုဖျော်ဖြေပွဲလေးတွေ ပြုလုပ်ခြင်းအားဖြင့်လည်း ပရိသတ်တွေရဲ့ ပျော်ရွှင်မှု အခိုက်အတန့်လေးတွေရစေတယ်။

 

ရခိုင်ပြည်နယ်အတွက် လှူဒါန်းဖြစ်တာပါ။ တခြားသောအချိန်တွေမှာလည်း ပွဲတွေကပြီး လှူဒါန်းခဲ့တာမျိုးတွေ ရှိပါတယ်။ အခုဒီဟာကတော့ နှင်းဆီကိုအားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အလှူလို့ပဲ ပြောလို့ရပါတယ်။

 

တွေ့ဆုံ မေးမြန်း - မင်းမင်းဇော် (ကလေး)